၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာပေးရန် CRPH ကို မွန်လူငယ်အင်အားစု တောင်းဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာပေးရန် CRPH ကို မွန်လူငယ်အင်အားစု တောင်းဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာပေးရန်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အာဏာရှင်ကိုတော်လှန်နေသော မွန်လူငယ်အင်အားစုက တောင်းဆိုလိုက်သည်။

အာဏာရှင်ကိုတော်လှန်သော မွန်လူငယ်အင်အားစုက မတ်လ ၃၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီနည်းလမ်းမကျသလို စံချိန်စံညွှန်းမီသည့် ဖွဲ့စည်းပုံလည်း မဟုတ်ဘူးဟု အာဏာရှင်ကိုတော်လှန်သော မွန်လူငယ်အင်အားစုက အိတ်ဖွင့်ပေးစားတွင် ရေးသားထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူတစ်စုကောင်းစားရေး ဦးတည်ရေးဆွဲထားသော ဖွဲ့စည်းပုံဖြစ်တဲ့အပြင် တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာမှာလည်း ကြီးမားသော အနှောင့်အယှက်အဟန့်အတားကို ဖြစ်ပေါ်စေပါတယ်” ဟု အာဏာရှင်ကိုတော်လှန်သော မွန်လူငယ်အင်အားစုက ပြောဆိုထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန် မဖြစ်နိုင်ဟု ယုံကြည်ယူဆသည်နှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ အစိုးရဖွဲ့ခြင်းကိုလည်း အလိုမရှိဘူးဟု အာဏာရှင်ကိုတော်လှန်သော မွန်လူငယ်အင်အားစုက ပြောဆိုထားသည်။

Federal Consitution Drafting and Coordinating Committee (FCDCC) မှ ဦးဆောင်ကာရေးဆွဲထားသော ဖွဲ့စည်းပုံမူကြမ်းကို အခြေခံ၍ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် အသစ်ပြန်လည်ရေးဆွဲရေးလုပ်ငန်းအား တိုင်းရင်းသားလူမျိုးစုအားလုံး သဘောတူညီချက်ဖြင့် ကြေညာရန်လည်း မွန်လူငယ်အင်အားစုက တိုက်တွန်းထားသည်။

ထို့ပြင် စစ်ဖြစ်ပွားရာဒေသက စစ်ဘေးရှောင်ပြည်သူများနှင့် ကလေးသူငယ်များအတွက် CRPH မှ အရေးပေါ်လိုအပ်ချက်များကို အမြန်ဆုံး တာဝန်ယူထောက်ပံ့မှုပေးရန်လည်း အာဏာရှင်ကိုတော်လှန်သော မွန်လူငယ်အင်အားစုက တိုက်တွန်းပြောဆိုထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...