စစ်ရှောင်ဒုက္ခသည်များကို ရိက္ခာထောက်ပံ့ပေးနိုင်ရေးနှင့် အခြားသော လူသားချင်းစာနာထောက်ထားသည့် အကူအညီများရရှိအောင် ထိုင်းအာဏာပိုင်များအနေဖြင့် ကူညီပေးစေလို

စစ်ရှောင်ဒုက္ခသည်များကို ရိက္ခာထောက်ပံ့ပေးနိုင်ရေးနှင့် အခြားသော လူသားချင်းစာနာထောက်ထားသည့် အကူအညီများရရှိအောင် ထိုင်းအာဏာပိုင်များအနေဖြင့် ကူညီပေးစေလို

တိုက်ပွဲများကြောင့် နယ်စပ်ကို ရောက်ရှိနေသည့် ကရင်စစ်ရှောင်ဒုက္ခသည်များကို ရိက္ခာထောက်ပံ့ပေးနိုင်ရေးနှင့် အခြားသောလူသားချင်းစာနာထောက်ထားသည့် အကူအညီများရရှိအောင် ထိုင်းအာဏာပိုင်များအနေဖြင့် ကူညီပေးစေလိုကြောင်း ကရင်အရပ်ဘက်အဖွဲ့အစည်းအချို့က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ၏ နေထိုင်စားသောက်ရေးအခြေအနေမှာ အခက်အခဲများစွာရှိနေသော်လည်း ထိုင်းဘက်က အကူအညီသွားပေးမည့် အဖွဲ့အစည်းများကို သွားခွင့်မပြုဘူးဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN မှ ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးကို ပြောသည်။

“အဲဒီမှာ အကူအညီပေးမယ့် အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ သွားချင်ပေမယ့် ထိုင်းစစ်တပ်က အခွင့်မပေးဘူး။ အဲဒါကြောင့် အသက်ကြီးတဲ့သူတွေထဲက တချို့ကတော့ စားစရာတွေကို ဟိုဖက်ကမ်းမှာ သွားပြန်ယူရတာရှိတယ်။ စားစရာတွေ ရေတွေကို သူတို့ရဲ့ရွာမှာ ပြန်ယူနေရတယ်။”

ထိုင်းအာဏာပိုင်များက ကရင်စစ်ဘေးရှောင်ပြည်သူများကို နယ်စပ်က ပြန်ခိုင်းနေသည့်အပြင် အကူအညီပေးမည့် အဖွဲ့အစည်းများနှင့် သတင်းမီဒီယာသမားများကိုပါ ၎င်းနေရာများတွင် သွားရောက်ခွင့်မပြုသေးဘူးဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသူများအတွက် စားဝတ်နေရေး၊ နေရေးထိုင်ရေး အစစအရာရာ အခက်အခဲရှိနေသည့်အတွက် အမြန်ဆုံး အကူအညီပေးနိုင်ရေး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ထိုင်းအစိုးရကို တွန်းအားပေးစေချင်သည်ဟု နော်ဝါးခူရှီးက ဆက်ပြောသည်။

”အခက်အခဲက သူတို့ဆီသွားဖို့ကို ထိုင်းစစ်တပ်ဖက်က ခွင့်မပြုဘူး။ အကူအညီပေးဖို့ သွားရောက်မယ့် အဖွဲ့အစည်းတွေက သူတို့ဆီကို ရောက်အောင်သွားဖို့ဆိုတာ အခက်အခဲတွေရှိနေတယ်။ အစားအသောက်တွေ သယ်သွားတာတို့ လိုအပ်တာတွေ သွားပို့ပေးဖို့ ထိုင်းစစ်တပ်ဖက် ခွင့်မပြုတဲ့အတွက် အခက်အခဲဖြစ်နေတာ ဟုတ် တယ်ပေါ့နော်။ အဲဒါက ကျမတို့ စဉ်းစားတာက အခုက NGO အဖွဲ့အစည်း တွေပဲဖြစ်ဖြစ် UNHCR ပဲ ဖြစ်ဖြစ် ထိုင်းနိုင်ငံက အကူအညီပေးတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ် ထွက်ပြေးလာတဲ့ သူတွေကို အကူအညီသွားပေးလို့ရအောင် တွန်းအေားပေးဖို့ ဘာဖြစ်လို့လဲဆိုတော့ ထွက်ပြေးလာတဲ့သူတွေက များသောအားဖြင့် ကလေးတွေပဲဖြစ်တယ်ပေါ့နော်။”

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါက “ကျနော်တို့အနေနဲ့ကတော့ ထိုင်းအစိုးရဖက်ခြမ်းကို ပြောချင်တာကတော့ ကျနော်တို့ အမှန်တကယ် မြန်မာပြည်မှာရှိတဲ့ ပြည်သူတွေဟာ စစ်မက်ဒဏ်ကို ခံရလို့ပဲ လုံးဝနေစရာ မရှိလို့ပဲ သူတို့ နောက်ဆုံး ဒီကမ်းနားမှာတောင်နေလို့ မရတော့လို့ ထိုင်းဖက်ခြမ်း ကူးလာတဲ့အခါမှာတော့ လူသားချင်းစာနာမှု အထောက်အကူပြုတာတော့ ပြသသင့်တယ်ပေါ့ နော။ ဒီလူတွေက ဘယ်လိုမှ မြန်မာပြည်မှာ အခြေချလို့မရတဲ့ အနေအထားမျိုးမှာ မြန်မာပြည်ကိုပြန်ရင်လည်း သေဖို့ပဲရှိတဲ့ အနေအထားမျိုးမှာတော့ သူတို့အနေနဲ့ကတော့ ဒီလူသားချင်းစာနာမှုဆိုတဲ့စိတ်ဓာတ်ကို ပြသပြီးတော့မှ လက်ခံသင့်တယ်လို့တော့ ကျနော်တို့ မြင်တယ်ခင်ဗျာ” ဟု ပြောသည်။

မတ် ၃၀ ရက် နေ့လည်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းထိုးစစ်ဆင်မှုများကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာကြသည့် မူတြော်ခရိုင်အတွင်းက အူးဝဲကလိုးနှင့် ပကာဒဲကျေးရွာတို့က စစ်ရှောင် ၅၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက ပြန်ပို့ခဲ့သည်ဟု သိရသည်။

ယမန်နေ့ကလည်း အီတူးထာကျေးရွာက စစ်ရှောင် ၂၀၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက မြန်မာဘက်အခြမ်းကို ပြန်ပို့ခဲ့သည့်အတွက် ကရင်စစ်ရှောင်များမှာ နေရပ်ပြန်ရန်လည်း အသက်ဘေးမလုံခြုံသည့်အတွက် တောတောင်များထဲတွင် ပုန်းအောင်းနေကြရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...