မော်လမြိုင်မြို့ ရဲဘော်ကုန်းရပ်ကွက်ရှိ အထက (၈) ကျောင်းအနား ဟိန္ဒူဘုရားကျောင်းရှေ့ ရဲလိုင်းခန်းအနီးတွင် ဗုံးတွေ့ရှိမှု မတ် ၃၀ ရက် ညနေခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးတွေ့ရှိခဲ့သည်ဟုဆိုသော မော်လမြိုင်မြို့ ရဲဘော်ကုန်းရပ်ကွက် အထက (၈) ကျောင်းအနီးမှ ရဲလိုင်းခန်းပတ်ဝန်းကျင်ကို မတ် ၃၀ ရက် ညပိုင်းအထိ တားဆီးပိတ်ဆို့ထားကြောင်း သိရသည်။
ဗုံးတွေ့ရှိမှုသတင်းနှင့် ပတ်သက်ပြီး အနီးနားရှိ ရဲဘော်ကုန်ရပ်ကွက်နေ ပြည်သူများထံ မွန်သတင်းအေဂျင်စီမှ မေးမြန်းခဲ့ရာ အတည်မပြုနိုင်သေးပေမဲ့ ရဲတပ်ဖွဲ့ဝင်များက လမ်းပိတ်ဆို့လုံခြုံရေးယူထားကြောင်း သိရသည်။
ယင်း ဗုံးတွေ့ရှိသည့်နေရာအနီးတွင် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုလိုင်းခန်းများရှိပြီး စစ်ကောင်စီတက်ဖွဲ့ဝင်များလည်း တပ်စွဲနေရာယူထားကြောင်း ဆိုသည်။
ထိုဗုံးတွေ့ရှိမှုနှင့်ပတ်သက်ပြီး မော်လမြိုင်မြို့ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့က ကိုဘိုဘိုဝင်းက ဖက်တန်းရပ်ကွက်အုပ်ချုပ်ရေးမှုရုံးအနီးရှိ ဟိန္ဒူဘုရားကျောင်းရှေ့ မြောင်းအနား မိုင်းတစ်လုံးတွေ့ရှိခဲ့တာကြောင့် သက်ဆိုင်ရာတပ်ဖွဲ့များက မိုင်းရှင်းလင်းခဲ့ကြောင်း စုံစမ်သိရှိရသည်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့ပြင် မတ် ၂၉ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ်နှင့် ၉ နာရီခန့်တွင် တစ်ကြိမ် မော်လမြိုင်မြို့အတွင်း ပေါက်ကွဲသံတစ်ခု ကြားခဲ့ရကြောင်း ဒေသခံပြည်သူများက ဆိုသည်။
Published
Wednesday, March 31, 2021
မော်လမြိုင်မြို့ အထက (၈) ကျောင်းအနီး ရဲဝင်းအနားတွင် ဗုံးတွေ့ရှိဟုဆို