စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် လူထုများအတွက် လူသားချင်းစာနထောက်ထားမှု အကူအညီများကို ထိရောက်စွာပံ့ပိုးပေးရန် နိုင်ငံတကာကို KPSN က တောင်းဆို

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် လူထုများအတွက် လူသားချင်းစာနထောက်ထားမှု အကူအညီများကို ထိရောက်စွာပံ့ပိုးပေးရန် နိုင်ငံတကာကို KPSN က တောင်းဆို

အာဏာသိမ်းစစ်တပ်၏ မင်းမဲ့စရိုက်နှင့် ပစ်ခတ်သတ်ဖြတ်မှုများ ပိုမိုကြီးမားလာခြင်းမရှိအောင် နိုင်ငံတကာမှ ဝိုင်းဝန်းတားဆီးဆောင်ရွက်ပေးရန်နှင့် စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် လူထုများအတွက် လူသားချင်းစာနထောက်ထားမှု အကူအညီများကို ထိရောက်စွာ ပံ့ပိုးပေးရန် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN က တောင်းဆိုလိုက်သည်။

KPSN အနေဖြင့် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်အတွင်းရှိ ကျေးရွာများအား အာဏာသိမ်းစစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုအပေါ် မတ် ၂၉ ရက်က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် အဆိုပါအချက်များကို ထည့်သွင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN က ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက “ထွက်ပြေးတိမ်း ရှောင်နေရတဲ့ သူတွေကို လာရောက်ကူညီပေးမယ့် အကူအညီပေးတဲ့အဖွဲ့တွေကို လမ်းဖွင့်ပေးဖို့ နိုင်ငံတကာ ကလည်း ထွက်ပြေးနေရတဲ့သူတွေကို အကူအညီပေးဖို့၊ နောက်တစ်ခုက အဓိကတောင်းဆိုချင်တာကတော့ နိုင်ငံတကာကနေ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ ခံနေရတဲ့ မြန်မာ ပြည်သား တွေကို ကူညီကာကွယ်ပေးဖို့၊ ပြီးတော့ ကုလသမဂ္ဂလုံခြုရေးကောင်စီက မြန်မာနိုင်ငံကကိစ္စရပ်တွေကို ICC တင်သွင်းဖို့ရယ် နောက်တစ်ခုက ကုလသမဂ္ဂလုံခြုံရေးကောင်စီက အခြေအနေကို စောင့်ကြည့်တဲ့ စောင့်ကြည့်ရေးအဖွဲ့ကို စေလွှတ်ပေးဖို့ဖြစ်တယ်။ ပြီးတော့ အာဏာသိမ်းစစ်ကောင်စီရဲ လက်နက်ခဲ့ယမ်း ဝယ်ယူ မှုကို ပိတ်ပင်တားဆီးဖို့ စတာတွေကို UN က လုပ်ဆောင်ပေးဖို့အတွက်ဖြစ်တယ်ပေါ့နော” ဟုပြောသည်။

ထို့အပြင် လက်နက်မဲ့ပြည်သူများကို အကာအကွယ်ပေးနိုင်သည့် ဥပဒေသည် နိုင်ငံထဲတွင် မရှိတော့သည့်အတွက် ပြည်သူများအား အကြမ်းဖက် နိုင်နှင်းဖြိုခွင်းနေသည့် စစ်ကောင်စီတပ်များအား နိုင်ငံတကာ ဥပဒေ အပေါ်တွင် ရပ်တည်ပြီး အရေးယူအပြစ်ပေးနိုင်သည့်အထိ လုပ်ဆောင်ပေးရန် နော်ဝါးခူရှီးက တိုက်တွန်းသည်။

၎င်းက “စစ်အာဏာသိမ်းလိုက်တဲ့အတွက် တိုင်းသူပြည်သားတွေကို ကာကွယ်ပေးတဲ့ အစိုးရမရှိတော့ဘူး။ အာဏာသိမ်းစစ်တပ်က တိုင်းသူပြည်သားတွေကို အကြမ်းဖက်နှိမ်စက်နေတဲ့အတွက် နိုင်ငံတကာတိုင်းပြည်တွေအနေနဲ့ မြန်မာပြည်သားတွေကို ဒီလိုလုပ်ရပ်တွေကနေ ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ ပြီးတော့ အဓိက ဒီလိုအကြမ်းဖက်မှုတွေကို လုပ်ဆောင်နေတဲ့ စစ်အာဏာရှင်တွေကို အပြစ်ပေးအရေးယူပေးဖို့ နောက်တစ်ခုက တိုင်းပြည်မှာ ဥပဒေတွေ အသုံးပြုလို့မရတော့တဲ့အတွက် နိုင်ငံတကာဥပဒေအပေါ်မှာ ရပ်တည်ပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်ကို တွန်းအားပေးဖို့ အပြစ်ပေးအရေးယူပေးဖို့နှင့် တိုင်းသူပြည်သားတွေကို အကာအကွယ်ပေးဖို့အတွက်ဖြစ်တယ်” ဟုပြောသည်

ယနေ့တွင် ထုတ်ပြန်ထားသည့် KPSN ၏ ထုတ်ပြန်ချက်ထဲတွင် အာဏာသိမ်းစစ်တပ်၏ မင်းမဲ့စရိုက်နှင့် ပစ်ခတ်သတ်ဖြတ်မှုများ ယခုထက်ပိုမိုကြီးမားများပြားလာခြင်းမရှိအောင် နိုင်ငံတကာအသိုင်းအဝန်းမှ အရေးတကြီး ဝိုင်းဝန်းတားဆီးဆောင်ရွက်ပေးရန်၊ ထို့ပြင် အာဏာသိမ်းစစ်တပ်၏ ချိုးဖောက်မှုများကို နိုင်ငံတကာခုံရုံးတွင် စစ်ဆေးအရေးယူနိုင်ရန်၊ မြန်မာနိုင်ငံအတွင်းသို့ စောင့်ကြည့်လေ့လာရေး ယန္တရားများဖွဲ့စည်းပို့ဆောင်ရန်နှင့် အာဏာသိမ်းစစ်တပ်၏ လက်နက်ခဲယမ်းဝယ်ယူခွင့်ကိုပိတ်ပင်တားဆီးရန် စသည်များအတွက် UN Security Council Resolution မှ ဆောင်ရွက်ပေးရန်တို့ကို ထည့်သွင်းထားသည်။

ထို့အပြင် အာဏာသိမ်းစစ်တပ်မှ ဌာနေတိုင်းရင်းသားဒေသအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်သတ်ဖြတ်မှုများကို ချက်ချင်းရပ်တန့်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ ၎င်းတို့၏ တပ်စခန်းများကို ကျွန်ုပ်တို့ဒေသအတွင်းမှ အမြန်ဆုံး ပြန်လည်ထွက်ခွာသွားရန်နှင့် စစ်ဘေးမှ ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူလူထုများအတွက် လူသားချင်းစာနာထောက်ထားမှု အကူ အညီများကို ထိရောက်စွာကူညီပံ့ပိုးပေးရန် ထုတ်ပြန်ချက်ထဲတွင် တောင်းဆိုထားသည်။

ပြည်သူလူထုထံမှ မတရားသိမ်းပိုက်ထားသော အာဏာများကို အရပ်သားအစိုးရဆီသို့ ပြန်လည်အပ်နှင်းပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို အမြန်ဆုံး ဖော်ဆောင်တည်ဆောက်ရန် ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် စစ်အာဏာသိမ်းမှုကို မလိုလားကြောင်း ဆန္ဒြပတောင်းနေကြသည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီတပ်များမှ အကြမ်းဖက်ဖြိုခွင်းကာ ကျည်အစစ်ဖြင့် ပစ်ခတ်မှုများ၊ ရိုက်နှက်မှုများ၊ မတရားဖမ်းဆီးနှိမ်စက်ခြင်းများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တွင်တွင်ကျယ်ကျယ် ကျူးလွန်နေသည်ဟု ဆိုသည်။

တစ်ဖက်တွင်လည်း စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်တို့အကြား နှစ်ဖက်စစ်ရေးတင်မာမှုများနှင့် တိုက်ပွဲများလည်း ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအတွက်သာမက အဖက်ဖက်မှ အကူအညီများလည်း လိုအပ်နေသည်ဟုဆိုသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...