ရခိုင်ကျောင်းသားသမဂ္ဂ ၁၁ ဖွဲ့ နှင့် ရခိုင်အရပ်ဖက်အဖွဲ့အစည်း ၇၇ ဖွဲ့တို့က စစ်အာဏာရှင်ဆန့်ကျင်ကြောင်း၊ “နွေဦးတော်လှန်ရေး” တိုက်ပွဲဝင်နေသူများနှင့် တစ်သားတည်းရှိကြောင်းနှင့် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် အာဏာသိမ်းမှုကို အမြန်ဆုံးစွန့်လွှတ်ရန် မတ် ၂၁ ရက်က ထုတ်ပြန်တောင်းဆိုလိုက်သည်။
ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလည်း အသိအမှတ်ပြုလက်ခံရန်နှင့် စစ်ကောင်စီအနေဖြင့် အာဏာသိမ်းမှုကို အမြန်ဆုံးစွန့်လွတ်ရန် ရခိုင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်း (၇၇) ဖွဲ့က ပူးတွဲ သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မတ် ၂၁ ရက်က ထုတ်ပြန်လိုက်သည့် အဆိုပါထုတ်ပြန်ချက်ထဲတွင် “လက်နက်မဲ့ပြည်သူများအပေါ် အင်အားအလွန်အကျွံသုံးနှိမ်နှင်းဖြိုခွင်းသည့် လုပ်ရပ်များကို လုံးဝအဆုံးသတ်ပေးရန်နှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ချက်ချင်းပြန်လွတ်ပေးရန်” တောင်းဆိုထားသည်။
ထို့အပြင် “ပြည်သူများလိုလားသော ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ပိုင်ခွင့်ကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အသိအမှတ်ပြုလက်ခံပြီး အာဏာသိမ်းမှုကို အမြန်ဆုံးစွန့်လွတ်ရန်” ရခိုင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်း (၇၇) ဖွဲ့က တောင်းဆိုထားသည်။
ရခိုင်အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အာဏာကို အလွဲသုံးစားလုပ်ကာ ပြည်သူများကို ရက်စက်စွာ သတ်ဖြတ် ဖမ်းဆီး နှိပ်စက်နေခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ ဖမ်းဆီးခံထားရသူများ၊ ထိခိုက်သေဆုံးသွားသူများအတွက် ရခိုင်ပြည်သူများ ကိုယ်တွေ့ခံစားဖူးသည်ဖြစ်သည့်အတွက် ၎င်းတို့၏ မိသားစုများနှင့် ထပ်တူ စိတ်ထိခိုက်ဝမ်းနည်းရသည်ဟု ရေးသားထားသည်။
ရခိုင်ကျောင်းသားသမဂ္ဂ ၁၁ ဖွဲ့ ကလည်း “လက်နက်အားကိုးဖြင့် အာဏာသမ်းပြီး လူသတ်ပွဲများ ဆင်နွှဲနေခြင်းသည် အလွန်တရာမှ စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်။ အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းကာ အကျိုးအမြတ်ရှာဖွေနေသော ဖောက်ပြန်ရေး သမားအပေါင်းတို့သည်လည်း အလွန်တရာမှ စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသော သတ္တဝါများဖြစ်ကြသည်” ဟု မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။
ရခိုင်ကျောင်းသားသမဂ္ဂ ၁၁ ဖွဲ့ အနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ မတရား ညှဉ်းပန်း နှိပ်စက် သတ် ဖြတ်မှုများကို တော်လှန်နေကြသည့် ကျောင်းသား ပြည်သူများ၏ စွန့်လွတ်အနစ်နာခံစိတ်နှင့် ရဲဝံ့မှုကို အလေးအနက် အသိအမှတ်ပြုကြောင်း၊ “နွေဦးတော်လှန်ရေး” တွင် ပါဝင်တိုက်ပွဲဝင်နေကြသည့် ကျောင်းသားပြည်သူများနှင့်အတူ တစ်သားတည်း ရပ်တည်ကူညီမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။