အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက လက်နက်မဲ့ပြည်သူများအပေါ် ရက်စက်စွာ အကြမ်းဖက်ခြင်းသည် သူရဲဘောကြောင်ပြီး လူ့ကျင့်ဝတ်နှင့်မလျော်ညီကြောင်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၏ မတ် ၁၉ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် “မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ ၏ကြေညာချက် မြန်မာနိုင်ငံအတွင်း လှိုင်သာယာမြို့နယ်နှင့် အခြားသောဒေသများတွင် လက်နက်မဲ့ အရပ်သားများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မကြာခဏဆိုသလို အမှောင်ထုကို အခွင့်ကောင်းယူ၍ ရက်စက်စွာ အကြမ်းဖက်ခြင်းသည် သူရဲဘောကြောင်ပြီး လူ့ကျင့်ဝတ်နှင့်မလျော်ညီသည့်အပြင် ကာကွယ်ရန်အလွန် ခက်ခဲပါသည်” ဟု ဖော်ပြထားသည်။
မြန်မာပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်အားလုံးရပ်တန့်ရန်၊ ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးရန်၊ စစ်အုပ်ချုပ်ရေးအမိန့်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားသည်ကို ရုတ်သိမ်းပေးရန်၊ ဆက်သွယ်ရေးကန့်သတ်ထားမှုများပယ်ဖျက်ပေးရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရကို အာဏာပြန်လည်ပေးအပ်ရန် မြန်မာစစ်တပ်ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက လက်မှတ်ရေးထိုး တောင်းဆိုထားသည်။
အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ၏ နေရာဒေသအသီးသီးက ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်ဖြိုခွင်းနှိမ်နှင်းနေသော်လည်း ပြည်သူများက ရသည့်နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်ကျရှုံးရေး ဆက်လက်ဆန္ဒထုတ်ဖော်နေကြရာ နေ့စဉ် သေဆုံးမှုများ၊ ဖမ်းဆီးခံရမှုများ ရှိနေသည်။
မွန်ပြည်နယ် ပေါင်မြို့တွင် ယမန်နေ့ ညက ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူရှိခဲ့သည်ဟု ဒေသခံတစ်ဦးက “မနေ့ည ၁၁ နာရီနောက်ပိုင်းမှာဖြစ်တာပါ။ ပေါင်မြို့ ရဲစခန်းနားမှာ ဆိုင်ကယ်နဲ့လာတဲ့ လူနှစ်ယောက်ကို ရဲကပစ်လိုက်တာပါ။ တစ်ယောက်သေတယ်။ ပွဲချင်းပြီး တစ်ယောက်သေတယ်။ တစ်ယောက်က ဒဏ်ရာရတယ်။ မော်လမြိုင်က စစ်ဆေးရုံကို ပို့ထားတယ်လို့ပြောတယ်။ ကျနော်တို့ကတော့ လောလောဆယ် အဲ့ဒါပဲ သိသေးတယ်” ဟုပြောသည်။
ထို့ပြင် ကယားပြည်နယ် လွိုင်ကော်မြို့တွင်လည်း ဆန္ဒပြပြည်သူများကိုဖြိုခွင်းရာ ကျည်အစစ်များသုံးပြီး ပစ်ခတ်ခဲ့သည့်အတွက် မတ် ၁၉ ရက်တွင် တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
လွိုင်ကော်ဒေသခံတစ်ဦးက “မနေ့ကစပြီး ကျည်အစစ်သုံးတယ်လို့ ပြောလို့ရတာပေါ့။ တစ်ယောက်သေတယ်နော်။ တစ်ယောက်က ဒဏ်ရာရတယ်။ အခု ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ ဆေးရုံမှာပဲ” ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ်လ ၁၉ ရက်နေ့အထိ ထုတ်ပြန်ထားသည့် စာရင်းအရ မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း သေဆုံးသူလူဦးရေ စုစုပေါင်း (၂၃၅) ဦး ရှိခဲ့ပြီဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့များအနေဖြင့် ပြည်သူများအပေါ်ကျူးလွန်နေသည့် အကြမ်းဖက်လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများက ဆက်တိုက်တောင်းဆိုထားကြသည်။
ငြိမ်းချမ်းစွာဆန္ဒပြခွင့်၊ သတင်းအချက်အလက် လွတ်လပ်စွာရယူခွင့်တို့သည် နိုင်ငံသားများ၏ အခွင့်အရေးဖြစ်ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အင်တာနက်ဖြတ်တောက်ထားခြင်းနှင့် မီဒီယာကို နှိပ်ကွပ်ထားခြင်းတို့ကို လုပ်ဆောင်ထားသော်လည်း စစ်တပ်၏စက်ဆုပ်ဖွယ်ရာလုပ်ရပ်တို့ကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသည့် ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက မတ် ၁၉ ရက်က ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။