မြန်မာနိုင်ငံနှင့်အကြား ချေးငွေဆိုင်ရာ ဆက်ဆံပတ်သက်မှုကို သုံးသပ်အကဲဖြတ်ရန်နှင့် ယင်း၏ အတည်ပြုပေးလိုက်သည့် ချေးငွေများက စစ်အုပ်ချုပ်ရေးနှင့် အာဏာရှင်စနစ်ကို တရား၀င်ဖြစ်စေခြင်း မရှိစေရေး သေချာစေရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကို အရပ်ဘက်လူ့အဖွဲ့အစည်း ၇၅ ခု ပါသည့် ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့တစ်ခုက တောင်းဆိုခဲ့သည်။
အစီအစဥ်နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်မှုလုပ်ဆောင်ရင်း ထိုသို့ ဖိအားပေးတောင်းဆိုမှုကို တုံ့ပြန်သောအားဖြင့် ADB ဘဏ်သည် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံရှိ အစိုးရ စီမံကိန်းများအတွက် ရန်ပုံငွေထောက်ပံ့မှုကို ရပ်ဆိုင်းခဲ့သည်။
“၂၀၂၁ ဖေဖေါ်၀ါရီ ၁ ရက်မှ စ၍ မြန်မာနိုင်ငံရှိ ကန်ထရိုက်စာချုပ်အသစ်များနှင့် နိုင်ငံ့စီမံကိန်းဆိုင်ရာ ငွေထုတ်ပေးခြင်းများကို ယာယီ ရပ်ဆိုင်းထားလိုက်ပါပြီ” ဟု ADB က မတ်လ ၁၀ ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်စောင်ထဲတွင် ပြောခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနေခဲ့သည့် ဖြစ်ရပ်များ၊ အထူးသဖြင့် အများပြည်သူဆန္ဒပြပွဲများအတွင်း လူ့အသက်များ ဆုံးရှုံးနေခြင်းနှင့်ပတ်သက်၍ ‘အလွန်အမင်း စိုးရိမ်ပူပန်” ကြောင်း အဆိုပါဘဏ်က ထုတ်ဖော်ခဲ့သည်။ ယင်း၏ ဆုံးဖြတ်ချက်ကို လုပ်ငန်းဌာနတွင်း လမ်းညွှန်ချက်များနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း အဆိုပါဘဏ်က ပြောခဲ့သည်။ ယင်းအတွက်ကြောင့် မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသည့်လုပ်ငန်းများအတွက် ရန်ပုံငွေကြေးထောက်ပံ့မှုများကို ဖေဖေါ်၀ါရီ ၁၉ ရက်တွင် ယာယီရပ်ဆိုင်းခဲ့သည့် ကမ္ဘာ့ဘဏ်နှင့်အတူ ယခု ADB ၏ ရပ်တည်ချက်ကလည်း ထပ်တူနီးပါး ဖြစ်လာစေခဲ့သည်။
မနီလာမြို့တွင် အခြေစိုက်ပြီး လက်ရှိတွင် အဖွဲ့၀င်နိုင်ငံ ၆၈ နိုင်ငံရှိသည့် ADB သည် အာရှဒေသတွင်း လူမှုဆိုင်ရာနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်အားပေးထောက်ကူရန် ထူထောင်ခဲ့သည့် နိုင်ငံစုံပါ၀င်သော ဒေသဆိုင်ရာ ဘဏ်တစ်ခုဖြစ်သည်။ မြန်မာသည် ယင်းဘဏ်သို့ ၁၉၇၃ ခုနှစ်တွင် ပူးပေါင်း၀င်ရောက်ခဲ့သည်။
ADB ၏ ဆိုင်းငံ့မှုက အာဏာသိမ်းစစ်အုပ်စုအတွက် ကြီးလေးပြင်းထန်သည့် သက်ရောက်မှုတစ်ခု ရှိစေလိမ့်မည်ဟု မျှော်လင့်ရသည်။ မြန်မာသည် အရေးပါသော အခြေခံအဆောက်အအုံဆိုင်ရာ ငွေကြေးထောက်ပံ့ရယူမှုအတွက် ADB အပေါ် အားထားနေရသည်။ သို့သော် ကြိုတင်မျှော်မှန်းထားခဲ့သည့် ဒေါ်လာ ၃,၁၇၁ ဒသမ ၆၂ သန်း တန်ဖိုးရှိ ADB ချေးငွေများ လွှဲပြောင်းမှုကို မျှော်လင့်နိုင်တော့မည် မဟုတ်ပေ။ အရေးကြီးသော နိုင်ငံ ဖွံ့ဖြိုးရေး စီမံကိန်းများကို အပြီးသတ်စေရန် ရန်ပုံငွေများကို ရည်ရွယ်ထားခဲ့ခြင်း ဖြစ်ရာ နိုင်ငံထိန်းချုပ်မှုကို ပြင်းပြင်းထန်ထန် အားဖြည့်ထောက်ကူရန် ငွေကြေးများကို မောင်ပိုင်စီးတတ်သည့် စစ်တပ်၏ သမိုင်းကြောင်း ရှိသည့်အတွက် အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ရန်ပုံငွေများကို သဘောတူထားသည့်အတိုင်း အသုံးပြုလိမ့်မည်ဆိုသည့်အပေါ် ADB ဘက်က အယုံအကြည် မရှိနိုင်တော့ဟု အဓိပ္ပါယ်ကောက်ယူနိုင်သည်။ ဖြစ်နိုင်ခြေအများဆုံးအဖြစ် အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ADB ငွေကြေးများမှ ရသုံးငွေစာရင်းဆိုင်ရာ အထောက်အပံ့ကို မရရှိဘဲ နိုင်ငံကို တစ်နေ့ချင်း စီမံလည်ပတ်ရန် လုံလောက်သည့် ရန်ပုံငွေများ ရှိတော့မည်မဟုတ်ဟု ADB ဘဏ်က အကဲဖြတ်သုံးသပ်ထားခဲ့သည်။
၁၉၈၈ အာဏာသိမ်းမှုနောက်ပိုင်း ADB သည် တိုက်ရိုက် ကူညီထောက်ပံ့မှုကို ရပ်စဲခဲ့သည်။ သို့သော် မဟာမဲခေါင်ဒေသခွဲ (GMS) စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပရိုဂရမ်တွင် မြန်မာနိုင်ငံ၏ ပါ၀င်မှုကနေတဆင့် ပတ်သက်ဆက်ဆံမှုကို ထိန်းသိမ်းလုပ်ဆောင်ခဲ့သလို ၂၀၀၈ ဆိုင်ကလုန်း နာဂစ်နောက်ပိုင်း ကုလသမဂ္ဂ ဦးဆောင်သော ထိခိုက်ပျက်စီးမှုနှင့် လိုအပ်ချက်များ အကဲဖြတ်ခြင်း လုပ်ငန်းတွင် ပတ်သက်ဆက်ဆံလုပ်ဆောင်ခဲ့သည်။
မြန်မာနှင့်အကြား ပြန်လည်ထိတွေ့ဆက်ဆံမှုသည် ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး အဓိကအားဖြင့် သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ လေ့ကျင့်သင်ကြားရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အအုံပိုင်းတွင် အာရုံစိုက်ခဲ့သည်။