ရန်ကုန်တိုင်း မြို့နယ်အချို့ စစ်အုပ်ချုပ်ရေးကြေညာခံရသဖြင့် မွန်ပြည်နယ်သားများ မွေးရပ်ပြန်

ရန်ကုန်တိုင်း မြို့နယ်အချို့ စစ်အုပ်ချုပ်ရေးကြေညာခံရသဖြင့် မွန်ပြည်နယ်သားများ မွေးရပ်ပြန်
by -
စိုင်းထွန်းစံ (MNA)

ရန်ကုန်တိုင်းဒေသကြီး ခြောက်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်သဖြင့် မွန်ပြည်နယ်သားများက မိမိတို့နေထိုင်ရာ မွေးရပ်ဒေသသို့ အလုံးအရင်း ပြန်လာလျက်ရှိကြောင်း သိရသည်။

စီးပွားရေး၊ပညာရေးအချက်အချာကျသည့် ရန်ကုန်မြို့၌ ဆန္ဒပြပြည်သူများအား နေ့စဉ်ပစ်ခတ်မှုများရှိနေသလို မိမိတို့နေထိုင်ရာမြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေကြေညာလိုက်သောကြောင့် အသက်လုံခြုံရေးအတွက် ရွှေ့ပြောင်းလာရခြင်းဖြစ်ကြောင်း နေရပ်ပြန်လာသူတစ်ဦးက ပြောသည်။

“အရင်နေ့တွေလည်းပြန်ကြတဲ့လူတွေရှိတယ် ဒါပေမယ့် ဒီရက်ပိုင်းတွင်းလောက်တော့မများဘူး စစ်မိန့်ပေးတဲ့နေ့ကနေစပြီးတော့ အားလုံးက ကိုယ့်ကိုယ်ကိုမလုံခြုံတော့ဘူးလို့ခံစားရတယ်၊ အဲ့တော့ ကျွန်တော်တို့လည်း ကိုယ့်အိမ်ကိုယ့်ယာကိုပစ်ပြီးတော့ မော်လမြိုင်က အစ်မအိမ်မှာလာနေရတယ်” ဟု ၎င်းက ပြောသည်။a

ယင်းသို့ ပြန်လာသူများတွင် စက်ရုံလုပ်သားအများစုပါဝင်သဖြင့်အလုပ်လက်မဲ့နှုန်းလည်း အဆမတန်တိုးပွားလာ မည့်အခြေအနေရှိကြောင်း ၎င်းက သုံးသပ်သည်။

ရွှေပေါက်ကံနေ သံဖြူဇရပ်မြို့မှ လူငယ်တစ်ဦးက “လူကြီးတွေက ပြန်သွားတာကြာပြီး ကျွန်တော်က အလုပ်ရှိနေသေးတော့ ပြန်လို့တော့မဖြစ်သေးဘူး ကျွန်တော်တို့နေတဲ့ ဒီရွှေပေါက်ကံတစ်ဝိုက်မှာ တည်ငြိမ်နေသေးတယ်ဆိုပေမယ့် ဘယ်အချိန်မှာ လာဖမ်းမယ်၊ ပေါ်တာဆွဲမယ်၊ လာပစ်မယ်ဆိုတာမသိရလို့ ရင်တထိတ်ထိတ်နဲ့ နေ့ဘက်ဆိုနေဘက်အလျှောက် ညဘက်ဆိုဘက်လျှောက် ပူပန်ကြောင့်ကြရတာပေါ့၊ လူတွေကလည်း စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာကြပြီ” ဟု ပြောသည်။

တရုတ်အထည်ချုပ်စက်ရုံ နှစ်ရုံမီးလောင်ခံရသော မတ် ၁၄ ရက် တစ်ရက်တည်းတွင်ပင် မြန်မာနိုင်ငံအနှံ့ သပိတ်ပွဲခဲ့ကြရာတွင် လုံထိန်းတပ်ဖွဲ့ဝင်များ ပစ်ခတ်နှိမ်နင်းမှုကြောင့် ပြည်သူ ၃၈ ဦးထက်မ နည်းကျဆုံးခဲ့ကြောင်း သတင်းဌာနများက ခန့်မှန်းတင်ပြခဲ့ပြီးနောက် လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပ စုစုပေါင်း ခြောက်မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial law) ထုတ်ပြန်လိုက်ကြောင်း တွေ့ရှိရသည်။

လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေကြောင့် ဆန္ဒပြမှုများမဖြစ်ပေါ်စေရန် မွန်ပြည်နယ်မြို့နယ် ၆ မြို့နယ်အတွင်း ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ကယ်ဆယ်ရေးအဖွဲ့များ လက်လုပ်လက်စား ပြည်သူအများစုလည်း လုပ်ငန်းခွင်သို့သွားလာနိုင်ရန် အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

ယခုအခါ မွန်ပြည်နယ်အတွင်း သပိတ်ဆင်နွှဲမှုအနေအထား ပြောင်းလဲလာ၍ လူအင်အားအနည်းငယ်ဖြင့်သာ ပြောက်ကျားသပိတ်၊ အာရုဏ်ဦးသပိတ်၊ လူမဲ့သပိတ်၊ ထိုင်သပိတ်၊ စတေကာသပိတ်၊ ဆိုင်ကယ်သပိတ်နှင့် ညသပိတ်တို့ကို ဆက်လက်ဆန္ဒထုတ်ဖော်ပြသခဲ့ကြသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...