အာဏာရှင်ဝါဒကို ဘယ်သူမှလက်မခံဟု အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်သစ် MUP မှ ဒေါက်တာဗညားအောင်မိုးပြော

အာဏာရှင်ဝါဒကို ဘယ်သူမှလက်မခံဟု အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်သစ် MUP မှ ဒေါက်တာဗညားအောင်မိုးပြော
by -
စိုင်းထွန်းစံ (MNA)

ဒေါက်တာဗညားအောင်မိုးကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ကြောင်း ယင်းကောင်စီက မတ် ၁၇ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ရွေးချယ်ခံကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်းလည်း ဖြစ်သည်။

ဒေါက်တာဗညားအောင်မိုးက “ကျွန်တော်တို့က နိုင်ငံရေးသမားတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ ပါတီရဲ့ နိုင်ငံရေးမူဝါဒအရ တိုင်းရင်းသားတွေမျှော်မှန်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို နိုင်ငံရေးစားပွဲဝိုင်းမှာ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာဖို့ လိုအပ်တယ်။ အာဏာရှင်ဝါဒကို ဘယ်သူမှလည်း လက်မခံကြပါဘူး” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် MUP ပါဝင်သင့်ကြောင်း  ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သည့် ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးက ကိုယ်စားလှယ် ၃ ပုံ ၂ ပုံကျော် ထောက်ခံမဲဖြင့် ဆက်လက်အတည်ပြုခဲ့အပြီး နစကကောင်စီက ဒေါက်တာဗညားအောင်မိုးအား အဖွဲ့ဝင်အဖြစ် ခန့်အပ်လာသည်ကို တွေ့ရှိရသည်။ 

“နစကကောင်စီမှာ ပါဝင်သင့်မသင့် ဒီကိစ္စအပေါ် အဖက်ဖက်က ကျွန်တော်တို့ ထောင့်စုံကနေ စဉ်းစားသုံး သပ်ကြပြီးတော့ လက်ခံလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေကို ပါတီက ကတိပေးခဲ့တဲ့အတိုင်း ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေး မွန်စာပေယဉ်ကျေးမှုရေးရာကိစ္စအပါအဝင် ဒေသဖွံ့ဖြိုးရေးတွေအတွက် အခုလို ကမ်းလှမ်းချက်ကို ကျွန်တော်တို့လက်ခံလိုက်တာပါ” ဟု ဒေါက်တာဗညားအောင်မိုးက ဆိုသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် နိုင်ငံအတွင်းဖြစ်ပေါ်နေသော လက်ရှိအခြေအနေကို သက်ဆိုင်ရာအင်အားစုများမှ စိတ်ရှည်သည်းခံမှုဖြင့် အကြမ်းဖက်မှုများမဖြစ်ပေါ်လာအေင် ညင်သာစွာကိုင်တွယ်ဖြေရှင်းကြပါရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုကို နှလုံးသွင်း၍ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ရှေးရှုလျှက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိုအလေးထားပြီး အင်အားစုအားလုံးမှ ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းထားသည်။

ထို့အတူ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် မွန်ညီညွတ်ရေးပါတီမှ နိုင်လယိတမကို နစကတွင် ခန့်အပ်တာဝန်ပေးခဲ့ပြီး ဖြစ်သည်။

အလားတူ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီ ဒုတိယဥက္ကဋ္ဌ (၄) ဦးကျော်ငြိမ်းကို ပါတီမှ နုတ်ထွက်ခွင့်ပြုပြီး ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP ဒုဥက္ကဌ စောဒန်နီယယ်ကို ပါတီမှ နုတ်ထွက်ခွင့်ပြုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်လျက်ရှိကြောင်း တွေ့ရှိရသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအဖြစ် ရခိုင်အမျိုးသားပါတီ ANP မှ ဒေါ်အေးနုစိန်၊ ကရင်ပြည်သူ့ပါတီမှ ဖဒိုမန်းငြိမ်းမောင်၊ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွန့်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေနှင့် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းလုံးဆိုင်တို့ ပါဝင်ကြောင်း သိရသည်။   

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...