ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေသည့်ကာလတွင် ဖွင့်လှစ်ခဲ့သည့် ကျောက်ဖြူမြို့ ကျောက်တလုံးဘုရားအနီး အဝင်/အထွက်ဂိတ်တွင် ခရီးသွားကားများနှင့် ဆိုင်ကယ်များကို ကိုဗစ်နှင့်မသက်ဆိုင်သည့် စစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် ပြန်လည်ရုပ်သိမ်းပေးရေး မြို့ပေါ်ဒေသခံများနှင့် ခရီးသည်များက တောင်းဆိုခဲ့ကြသည်။
ကိုဗစ်ကြောင့်ဖွင့်လှစ်ခဲ့သည့် အဆိုပါဂိတ်ကို ကိုဗစ်ရောဂါဖြစ်ပွားမှုမရှိတော့ကြောင်း ကြေညာထားသည့် ယခုအချိန်တွင် ပြန်လည်ရုပ်သိမ်းပေးရန်လိုအပ်ကြောင်း ကျောက်ဖြူမြို့ ဒေသခံ ဦးလှမျိုးကျော်က ပြောသည်။
“အခုကိုဗစ်ကာလမရှိတော့တဲ့အချိန်မှာ ကျွန်တော်တို့မြို့အနေနဲ့ (စစ်ဆေးမှု) မလိုအပ်တော့ဘူးလို့ထင်တယ်။ ဒါကို အကြမ်းဖျင်းအနေနဲ့ မြို့ပေါ်ကလည်း ဒေသဆိုင်ရာအာဏာပိုင်တွေကို ပြောပြီးပြီ၊ဒါပေမယ့် သူတို့ကတော့ မရုပ်သိမ်းသေးဘူး။ ဒီဂိတ်က ပြည်သူတွေကို အနှောက်ယှက်ဖြစ်စေတဲ့အတွက် မလိုအပ်တော့ဘူးဆိုရင် ရုပ်သိမ်းသင့်နေပြီလို့မြင်တယ်” ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်၌ ကိုဗစ်ရောဂါဒုတိယလိုင်းအဖြစ်ဖြစ်ပွားလာသည့်အချိန်တွင် ကျောက်ဖြူမြို့ အဝင်/အထွက် ဂိတ်ကို ကိုဗစ်ရောဂါကာကွယ်တား ဆီးနိုင်ရေးအတွက် စစ်ဆေးမှုများပြုလုပ်ရန် မြို့ခံလူထုများနှင့် ဒေသဆိုင်ရာအာဏာပိုင်များမှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ယင်းဂိတ်တွင် လက်ရှိအချိန်၌ ခရီးသွားကားများဆိုလျှင် ကားနံပါတ်၊မှတ်ပုံတင်နံပတ်၊နေရပ်လိပ်စာများကို တန်းစီပြီး စစ်ဆေးခံပြီးမှ သွားရသည့်အတွက် စိတ်အနှောက်အယှက်ဖြစ်ပွားမှုများရှိသည်ဟု အမည်မဖော်လိုသည့် ကားသမားတစ်ဦးက ပြောသည်။
“ပုံမှန်သွားနေကြအတိုင်း စစ်ဆေးခံတဲ့အချိန် ကားတွေရှင်းနေရင်သိပ်ပြဿနာမရှိဘူး။ တခါတလေကျရင် ခရီးသည်တွေနဲ့ ရွာကနေ လူနာတွေတင်လို့လာရင် ကိုယ့်ကားရှေ့မှာ လေးငါးစီးလောက် တန်းစီပြီးဖြစ်နေ တယ်ဆိုတော့ စိတ်အနှောက်အယှက်ဖြစ်တယ်။နောက် ကိုယ့်(ကား)မှာ အရေးပေါ်လူနာပါလို့ တခြားသူကို ကျော်ပြီး ပြောရင်လည်း စိတ်ကောင်းတဲ့ဝန်ထမ်းနဲ့ဆိုရင် အဆင်ပြေတယ်။တချို့သူတွေနဲ့ဆိုရင် အပြောခံ ရတာရှိတယ်” ဟု ၎င်းက ပြောသည်။
မြို့နယ် အုပ်ချုပ်ရေးကောင်စီမှ ညွန်ကြားချက်အတိုင်း ကျောက်ဖြူမြို့ အဝင်/အထွက်ကားမှန်သမျှကို စာရင်းယူရခြင်းဖြစ်ကြောင်းနှင့် သတင်းရရှိမှုအပေါ်မှုတည်ပြီး ဆိုင်ကယ်များကိုလည်း စစ်ဆေးမေးမြန်းခြင်းများရှိသည်ဟု ကျောက်တလုံးဂိတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက “စစ်ဆေးတာက သေသေချာချာ စစ်ဆေးတာမဟုတ်ဘူး။ကားသမားက ဆင်းပြီးတော့ ကားနံပါတ်ပေးရတယ်။ မှတ်ပုံတင်နံပါတ်၊ မိဘနေရပ် လိပ်စာပေးရတယ်၊ အဲလောက်ဆိုရင်ပြီးပြီ။ ကားတစ်စီးလုံးမှာပါတဲ့လူတွေကို စစ်ဆေးတာလည်း မဟုတ်ဘူး။ နောက်ပြီးကားတွေမှာ ဘာပစ္စည်းတွေပါလာတယ်ဆိုတာကိုလည်း စစ်ဆေးတာ မဟုတ်ဘူး။ အဲတာကိုကြည့်ခြင်း အားဖြင့် ဒါဟာ အလုပ်မဖြစ်တဲ့ သဘောဖြစ်နေတယ်။နောက်ကားတွေ တန်းစီပြီးစောင့်နေရတယ်ဆိုတော့ အများပြည်သူသွားလာနေတာကို အနှောက်ယှက်ဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း အဲလိုခံစားမိတယ်” ဟု ဆိုသည်။
တစ်ဖက်တွင် ကျောက်ဖြူမြို့နယ်သည် ယခင်ကတည်းက ပဋိပက္ခဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်းအေးချမ်းသည့် ဒေသဖြစ်သလို လက်ရှိအချိန်တွင်လည်း ပို၍တည်ငြိမ်နေသည့်အတွက် အဆိုပါကျောက်တလုံးဂိတ်တွင် စစ်ဆေးမှု ပြုလုပ်နေခြင်းမှာ မလိုအပ်တော့သည့် အတွက် ဂိတ်အားရုပ်သိမ်းရန်လိုအပ်ကြောင်း ဦးဖိုးစံက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဒု-ဦးစီးဦးကျော်နုကို ဆက်သွယ်မေးမြန်းရာတွင် DMG သတင်းဌာနအား ဖြေဆို၍မရကြောင်းပြောသည်။