လည်ပင်းကျည်ထိမှန်၍ ဆေးရုံတွင် ဆေးဝါးကုသမှုခံနေရသော မော်လမြိုင်ကလူငယ် သေဆုံး

လည်ပင်းကျည်ထိမှန်၍ ဆေးရုံတွင် ဆေးဝါးကုသမှုခံနေရသော မော်လမြိုင်ကလူငယ် သေဆုံး

မော်လမြိုင်မြို့တွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့များက ပစ်ခတ်မှုကြောင့် လည်ပင်းကျည်ထိမှန်ပြီး ဆေးရုံ၌ တက်ရောက်ဆေးကုသနေသည့် အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး မတ်လ ၁၆ ရက်က သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ လူငယ်သည် မောင်တောက်ထွန်းဆိုသူဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို မတ် ၁၇ ရက်ကမော်လမြိုင်သို့ ပြန်လည်သယ်ဆောင်ကာ ယနေ့ (မတ် ၁၈ ရက်) တွင် သဂြိုလ်မည်ဖြစ်သည်။

မောင်တောက်ထွန်းသည် ဖေဖော်ဝါရီ ၂၈ ရက်က မော်လမြိုင်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွင်ပါဝင်ခဲ့ရာ စစ်တပ်နှင့် ရဲတပ်ဖွဲ့များ က ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် လည်ပင်းကျည်ထိမှန်ပြီး ဆေးရုံတွင် ဆေးဝါးကုသမှု ခံနေရသူဖြစ်သည်။

ထိုနေ့က ဆန္ဒပြပွဲတွင် မောင်တောက်ထွန်း လည်ပင်းကျည်ထိမှန်သူတစ်ဦးနှင့် ဦးခေါင်းကျည်ထိမှန်သူတစ်ဦးရှိခဲ့သည်။

ဦးခေါင်းကျည်ထိသူ လူငယ်သည် ယင်းနေရာ၌ပင် သေဆုံးသွားခဲ့ပြီး လည်ပင်ထိမှန်ထားသည့် မောင်တောက်ထွန်းဆိုသူကိုတော့ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ခေါ်ဆောင်သွားပြီး မော်လမြိုင် ကုတင် ၃၀၀ စစ်ဆေးရုံတွင် ထားရှိခဲ့သည်။

ထိုမှတဆင့် ရန်ကုန် မင်္ဂလာဒုံ ကုတင် ၅၀၀ စစ်ဆေးရုံသို့ ပြောင်းရွေ့ဆေးကုသခဲ့ရာ မတ်လ ၁၆ ရက်နေ့ နေ့လည်ခန့်က သေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

မတ်လ ၃ ရက်နေ့ကလည်း အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေကြသည်ကို ထွက်ကြည့်ရာမှ စစ်တပ်နှင့် ရဲတပ်ဖွဲ့များ ပစ်ခတ်ခြင်းကြောင့် ဘူမိဗေဒ တတိယနှစ်ကျောင်းသားတစ်ဦး သေဆုံးသွားခဲ့သည်။

ထိုကြောင့် မော်လမြိုင်မြို့တွင် မတ် ၁၇ ရက်ထိ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ သုံးဦးအထိ ရှိပြီဖြစ်သည်။

မော်လမြိုင်မြို့တွင် စစ်အာဏာဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဖြိုခွင်းရာတွင် ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများအပြင် ကျည်အစစ်များအသုံးပြုကာ လိုက်လံဖြိုးခွင်းနေသည့်အတွက် လူသေဆုံးမှုရှိလာသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူလည်း အများအပြားရှိနေသည်။

ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြသည့် ပြည်သူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့များက အမြဲစောင့်ကြည့်ကာ အကြမ်းဖက် ဖြိုခွဲမှုများရှိနေသော်လည်း မော်လမြိုင်ပြည်သူများက ဆန္ဒပြမှုများကို နည်းမျိုးစုံဖြင့် ယနေ့အချိန်ထိ ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။

အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၆ ရက်ထိ စစ်တပ်နှင့် ရဲတပ်ဖွဲ့များ၏ မတရား အကြမ်းဖက်ဖြိုခွင်းခံရ၍ ကျဆုံးသွားခဲ့သူ ၂၀၂ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...