မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ကာ ဒီမိုကရေစီရရှိရေးအတွက် အကြမ်းမဖက်နည်းလမ်းဖြင့် တိုက်ပွဲဝင်နေကြသည့် ဒီမိုကရေစီလိုလားသောပြည်သူများအား အကာအကွယ်မပေးနိုင်ပါက အိန္ဒိယကို ဒီမိုကရေစီနိုင်ငံအဖြစ် သတ်မှတ်၍မရကြောင်း မီဇိုးကျောင်းသားသမဂ္ဂ (MZP) ဥက္ကဌ Pu B.Vanlaltana ကပြောသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မတ်လ ၁၆ ရက်ညက မီဇိုးကျောင်းသားသမဂ္ဂ၏ ဦးဆောင်မှုဖြင့်ပြုလုပ်သည့် မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုတွင် စစ်တပ်uအကြမ်းဖက်ဖြိုခွင်းခံမှုကြောင့်ကျဆုံးသွားကြသူများအတွက် အောက်မေ့ဖွယ်အခမ်းအနားတွင် MZP ဥက္ကဌက ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“၁၉၆၆ ခုနှစ်မှာ မီဇိုရမ်ပြည်နယ်ဟာ အခက်အခဲနဲ့တွေ့ကြုံရတယ်။ မီဇိုရမ်ကပြည်သူထုတွေဟာ မြန်မာနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့အချိန်မှာ မြန်မာပြည်သွေးချင်းညီအကိုတွေက လုံခြုံအောင်ထားပေးကြတယ်။ ဒီကနေ့မှာလည်း ကျနော်တို့ မြန်မာပြည်က ညီအကိုတွေ ပူပင်သောကရောက်နေကြရတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီဖြစ်တယ်လို့ပြောကြတယ်။ ဒီမိုကရေကိုလိုလာပြီးတော့ အကြမ်းမဖက်တဲ့နည်းနဲ့ မိမိအခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသူများကို အကာအကွယ်မပေးနိုင်ဘူးဆိုရင် အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့မရဘူး။” ဟု MZP ဥက္ကဌကပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ယနေ့ချိန်ထိတစ်နိုင်ငံလုံးတွင် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုဖြစ်ပွားလျက် ရှိပြီး ရဲတပ်ဖွဲ့အပါအဝင် အစိုးရဝန်ထမ်းများကလည်း စစ်အာဏာရှင်စနစ်အောက်တွင်အလုပ်လုပ်လိုတော့သည့်အတွက် Civil Disobedience Movement- CDM လှုပ်ရှားမှုပူးပေါင်းပါဝင်လာကာ လုံခြုံရေးအခြေအနေကြောင့် အိမ်နီးချင်း မီဇိုရမ်ပြည်နယ်တွင် အယောက် ၄၀၀ ခန့် ထွက်ပြေးခိုလုံနေကြရသည်။
မီဇိုရမ်ပြည်နယ်ဘက်သို့ လာရောက်ခိုလုံသူထဲမှ အယောက် ၁၅၀ ခန့်သည် ရဲတပ်ဝင်များဖြစ်ကြပြီး အိန္ဒိယဗဟိုအစိုးရအနေဖြင့် အိန္ဒိယသို့ဝင်ရောက်ခိုလုံသူများကို နေရပ်ပြန်ပို့မည်မဟုတ်ကြောင်း ပြောဆိုနေသော်လည်း နောက်ထပ်ဝင်ရောက်ခိုလုံမည့်သူများအား ဟန့်တားသည့်အနေဖြင့် နယ်စပ်တစ်လျှောက်တွင် အာသံစစ်တပ်များချထားကာ မီဇိုရမ်ပြည်နယ်အစိုးရ၏ စစ်ဘေးဒုက္ခသည်များ ကူညီထောက်ပံ့မည့်အစီစဉ်များကိုလည်း ပြန်လည်ရုပ်သိမ်းခိုင်းခဲ့သည်။
မတ် ၁၆ ရက်ကပြုလုပ်သော အိန္ဒိယဗဟိုလွှတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ်အထက် လွှတ်တော်အမတ် (Rajay Sabha MP) Pu K.Vanlalvena က အိန္ဒိယအစိုးရအနေဖြင့် နိုင်ငံရေးအခြေအနေကြောင့် ထွက်ပြေးခိုလုံလာကြ သောမြန်မာနိုင်ငံသားများ နေရပ်ပြန်မပို့ဆောင်ရေး ဆွေးနွေးတင်ပြခဲ့သည်။
ယင်းလွှတ်တော်အစည်းအဝေးတွင် Pu K. Vanlalvena က “အိန္ဒိယဗဟိုအစိုးရအနေနဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေး ခိုလှုံဖို့လာကြတဲ့ ဒုက္ခသည်များကို ဟန့်တားပေးဖို့ပြောဆိုတာကို မီဇိုးပြည်သူလူထုအနေနဲ့ လုံးဝနားလည်နိုင်စရာ အကြောင်းမရှိဘူး၊ မီဇိုရမ်ကိုထွက်ပြေးခိုလှုံလာသူတွေဟာ မိမိတို့အမျိုးအနွယ်တွေဖြစ်တယ်၊ သေဖို့အတွက် ပြန်လည်လွှဲပြောင်းပေးလိုက်တာမျိုးဟာ လုံးဝမလုပ်သင့်ဘူး။ မြန်မာပြည်အခြေအနေ မတည်ငြိမ်မချင်း ပြန်ပို့ဖို့မဖြစ်နိုင်ဘူး” ဟုပြောဆိုခဲ့သည်။
Published
Thursday, March 18, 2021
ဒီမိုကရေစီလိုလားသူများအား အကာအကွယ်မပေးနိုင်ပါက အိန္ဒိယကို ဒီမိုကရေစီနိုင်ငံဟု သတ်မှတ်၍မရဟု MZP ဥက္ကဌဆို