မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသည့် ပြည်သူများအား စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် ကျဆုံးသွားသူများအတွက် အောက်မေ့ဖွယ်အခမ်းအနားကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်တွင် မတ် ၁၆ ရက် ညပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို မီဇိုးကျောင်းသားသမဂ္ဂ (MZP) ၏ ဦးဆောင်မှုဖြင့် ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့ Millennium ကုန်တိုက်ရှေ့တွင် ဖယောင်းတိုင်များထွန်းကာ Vanapa Hall အထိ ချီတက်ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒဖော်ထုတ်သူများကို ရဲနှင့်စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် မတ် ၁၅ ရက်အထိ အရပ်သားပြည်သူ ၁၁၄ ဦးသေဆုံးပြီဟု Voice of Myanmar သတင်းဌာန၏ စာရင်းပြုစုချက်အရ သိရသည်။
မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့သည် မြန်မာ့ဒီမိုကရေစီအရေးနှင့်ပတ်သက်၍ ရှေ့တန်းမှအားပေးထောက်ခံသည့်အဖွဲ့ဖြစ်ပြီး ယခုလက်ရှိနိုင်ငံရေးအခြေအနေကြောင့် ၎င်းတို့ပြည်နယ်ထဲသို့ ထွက်ပြေးခိုလှုံလာကြသူများ ကူညီထောက်ပံ့နိုင်ရေးအတွက် မတ် ၂၀ ရက်တွင် ရန်ပုံငွေရှာဖွေသည့် Mobile Concert လည်း ပြုလုပ်ရန် စီစဉ်ထားကြောင်းသိရသည်။
မီဇိုရမ်ပြည်နယ်ပြည်ထဲရေးဌာန၏ မှတ်တမ်းအရ လက်ရှိတွင် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာသော မြန်မာနိုင်ငံသား (Refugee) လူဦးရေ ၃၇၀ ကျော်ရှိနေပြီဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ပြောသည်။
Published
Wednesday, March 17, 2021
အာဏာရှင်ဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားသူများအတွက် အောက်မေ့ဖွယ်အခမ်းအနား မီဇိုရမ်ပြည်နယ်တွင် ကျင်းပ