ULA / AA ကို အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းခဲ့သဖြင့် အဖမ်းခံထားရသူများပြန်လွှတ်ရန်လိုလားဟု ဒေါ်ခင်စောဝေ ပြော

ULA / AA ကို အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းခဲ့သဖြင့် အဖမ်းခံထားရသူများပြန်လွှတ်ရန်လိုလားဟု ဒေါ်ခင်စောဝေ ပြော
by -
ထွန်းခိုင် (နိရဥ္စရာ)

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan - ULA) / ရက္ခိုင့်တပ်တော် (Arakan Army - AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းလိုက်သဖြင့်  အဖမ်းခံထားရသူများ ပြန်လည်လွှတ်ပေးရန် လိုလားကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေက ပြောသည်။

“ကျွန်မတို့ ရခိုင်ပြည်နယ်မှာဆိုရင် ဒီလက်နက်ကိုင်တပ်ဖွဲ့နဲ့ တပ်မတော်တို့ နှစ်နှစ်ကြာတိုက်ပွဲတွေဖြစ်ခဲ့ပြီးတော့ တော်တော်များများ စစ်ဘေးရှောင်တွေ၊ သေဆုံးတာတွေ၊ အဖမ်းခံရတာတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ အခု အေအေကိုလည်း အကြမ်းဖက်အဖွဲ့အစည်းက ရပ်စဲလိုက်ပြီဆိုတော့ ဒီအကြမ်းဖက်အဖွဲ့အစည်းကနေ တရားစွဲ ဆိုခံထားရတဲ့ တချို့နေရာတွေက လူတွေလည်း အများကြီး လွတ်လာဖို့ကိုလည်း လိုလားပါတယ်။ နောက်ပြီး ဒီလိုမျိုးအကြမ်းဖက်အဖွဲ့အစည်းက ရုပ်သိမ်းလိုက်တဲ့အတွက်လည်း ရှေ့ကိုဆက်သွားမယ့် ငြိမ်းချမ်းရေးအတွက် အများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့ မြင်မိပါတယ်။” ဟု ၎င်းက ပြောသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan - ULA) / ရက္ခိုင့်တပ်တော် (Arakan Army - AA)ကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပြီး ယင်းသို့ကြေညာထားခြင်းကို ယမန်နေ့ မတ် ၁၁ ရက်တွင် ရုပ်သိမ်းကြောင်း အာဏာသိမ်းစစ် ကောင်စီက ထုတ်ပြန်ခဲ့သည်။ 

ရက္ခိုင့်တပ်တော် (AA)ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရမှတဆင့် ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်းအဆိုကိုလည်း ပြီးခဲ့သည့် NLD အစိုးရလက်ထက် ဇန်နဝါရီ ၁၁ ရက်တွင်ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်နောက်ဆုံးအစည်းအဝေးတွင် မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့ဖူးသည်။ ယင်းအဆိုကို ပြည်နယ်လွှတ်တော်အစည်းအဝေးက ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့သည်။

ယင်းနောက် AA အား အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းလိုက်ခြင်းနှင့်ပတ်သက်ပြီး အဆိုတင်သွင်းခဲ့သူ ဦးထွန်းသာစိန်က “ဒါက ရခိုင်ပြည်သူတွေရဲ့ လိုလားချက်လည်း ဖြစ်တယ်။ နောက်ဆုံးအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်မှာ ပြည်သူ့ရဲ့ အသံကို ထုတ်ဖော်တဲ့အနေနဲ့ နောက်ဆုံးတင်ခဲ့တဲ့ အဆိုလည်းဖြစ်တယ်။ ဆိုတော့ စစ် ကောင်စီအနေနဲ့ လူထုရဲ့ ဆန္ဒ၊ လွှတ်တော်ရဲ့ ဆန္ဒကို အခုလို လိုက်လျောပေးတဲ့အတွက် စစ်ကောင်စီကိုလည်းပဲ လူထုရဲ့ ဆန္ဒနဲ့ပတ်သက်ပြီးတော့ အမြင်ကြည်ကြည်လင်လင်နဲ့ ထုတ်ဖော်ပေးတယ်လို့ ယူဆပါတယ်”ဟု ဆို သည်။ 

AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲကာလအတွင်း အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် ဖမ်းဆီး၊ တရားစွဲဆိုခံထားရသည့် လူပေါင်း ၆၀၀ ခန့်အား ပြန်လွှတ်ပေးရန်လည်း မိသားစုဝင်များက လိုလားနေကြသည်။

ရခိုင်ပြည်နယ်အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့သည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလအထိ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...