မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် NLD လွှတ်တော်ကိုယ်စားလှယ်တချို့ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် NLD လွှတ်တော်ကိုယ်စားလှယ်တချို့ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် NLD လွှတ်တော်ကိုယ်စားလှယ်တချို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရကြောင်း NLD တာဝန်ရှိသူများက ပြောသည်။

ဝန်ကြီးချုပ်အား CDM တွင် ပါဝင်သည့်ဝန်ထမ်းများနှင့် ပတ်ပြီး လူမှုကွန်ရက်စာမျက်နှာမှတဆင့် video ဖြင့် ပြောကြားခဲ့ခြင်းကြောင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များအား စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့တွင် ပါဝင်ခဲ့ခြင်းကြောင့် တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

“ကိုယ်စားလှယ်တွေက ဆန္ဒဖော်ထုတ်တဲ့ နေရာမှာ ပါဝင်လို့ အဲဒါကို ၅၀၅ (က) တရားစွဲထားတယ်။ ဖမ်းခံထားရတာရှိတယ်။ တချို့ကလည်း ရှောင်နေရတယ်။ ဝန်ကြီးချုပ်ကျတော့ ဖမ်းခံထိထားတယ်လေ။ သူ့ကိုလည်း တရားစွဲထားတယ်” ဟု မွန်ပြည်နယ် NLD ပါတီက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝန်ကြီးချုပ်နှင့် ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းတို့ကို ပုဒ်မ ၅၀၅ (က) ဖြင့်လည်းကောင်း၊ သထုံမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ၅၀၅ (က) နှင့် ၅၀၅ (ခ) ဖြင့်လည်းကောင်း တရားစွဲခံထားရသည်ဟု ပြောသည်။

ထို့အပြင် ဝန်ထမ်းများနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) စာထုတ်ပြန်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်အားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်ကိုလည်း ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည်။

လက်ရှိတွင် တရားစွဲခံထားရသူများအနက်မှ ဝန်ကြီးချုပ်နှင့် ဒေါ်မာမာခိုင်တို့ကို ဖမ်းဆီးခံထားရပြီး ကျန် လွှတ်တော်ကိုယ်စားလှယ်များ ဖမ်းဆီးခံထားရခြင်းမရှိပဲ တိမ်းရှောင်နေကြရသည်။

NLD လွှတ်တော်ကိုယ်စားလှယ်များ တရားစွဲဆိုခံရပြီး ဖမ်းဆီးမှုရှိလာခြင်းကြောင့် လက်ရှိတွင် NLD ပါတီဝင်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်အများစုကလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ မြို့နယ်ထွေအုပ်က တရားလိုကာ အမှုဖွင့်ထားခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ပုဒ်မ ၅၀၅ (က)(ခ) တို့သည် အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်ကျခံရနိုင်ပြီး ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ ချမှတ်ခံရနိုင်သည့် ပြစ်မှုများဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...