စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော တောင်ကြီးမြို့မှ လူငယ်များအား ရဲတပ်ဖွဲ့ဝင်များ အကြမ်းဖက် ရိုက်နှက်က်ဖမ်းဆီးခဲ့ရာ လူငယ်အမျိုးသမီးများအပါအဝင် အမျိုးသား ၂၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
“မောနီးစတား လက်ဖက်ရည်ဆိုင်မှာ ကျောင်းသားတွေရှိနေတော့ ရဲကားငါးစီးနဲ့ ဝိုင်းထားတယ်။ အပြင်ကနေ သံတံခါးကိုဖျက်ပြီး လူတွေကိုဝင်ရိုက်တာပေါ့။ CCTV တွေလဲ အကုန်ဖြုတ်သွားတယ်။ ဆိုင်ကိုလည်း ဖျက်ဆီးသွားတယ်။ ဆိုင်ရှင်တစ်ယောက် ပါသွားတယ်။ ဆိုင်ကဝန်ထမ်း တွေကိုလဲ ဝင်ရိုက်သွားတယ်။ သေနတ်တွေနဲ့ ချိန်ထားတယ်။ ကျောင်းသားတွေအကုန် သွေးထွက်သံယိုတွေနဲ့ မိန်းခလေးတွေကို ဆံပင်တွေကို ဆောင့်ဆွဲပြီးတော့ ခေါ်သွားတယ်” ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။
ထို့ပြင် မတ် ၂ ရက် နံနက် ၁၀ နာရီခန့်တွင် တောင်ကြီးမြို့ အမှတ် ၅ စျေးအနီး မြင်းရုပ်အပေါ်ဖက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော လူငယ်များကို လက်မောင်းအမှတ်တံဆိပ် (၅၅) ပါစစ်တပ်နှင့် ရဲတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ၊ လေးခွများဖြင့် ပစ်ခတ်ပြီး ဖြိုခွင်းခဲ့ကြောင်းသိရသည်။
အဆိုပါဖြိုခွင်းမှုများကြောင့် ကျောင်းသားလူငယ်များမှာ နီးစပ်ရာ စားသောက်ဆိုင်များအတွင်း ခိုအောင်နေစဉ် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။