အာဏာသိမ်းစစ်ကောင်စီက အသစ်ပြန်လည်ဖွဲ့စည်းပေးမည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းများကို အယုံအကြည်မရှိခြင်းကြောင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံးများအား ပြည်သူများက လိုက်လံပိတ်နေကြောင်း သိရသည်။
ပြည်သူ့ဆန္ဒအရ ရွေးချယ်ထားသူများ မဟုတ်သည့်အတွက်ရပ်ကွက် ရုံးများအား အသုံးပြုခွင့်မပေးနိုင်သောကြောင့် အသေပိတ်ထားရခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
“ကျွန်မတို့ပြည်သူ့ဆန္ဒမပါပဲ ရွေးချယ်ထားတဲ့လူတွေ အအုပ်ချုပ်မခံနိုင်ဘူး။ အသိအမှတ်လည်းမပြုနိုင်ဘူး။ ရုံးတွေကိုလည်း အသုံးပြုခွင့်မပေးနိုင်ဘူး။ ဒီရုံးတွေက ပြည်သူပိုင်ရုံးတွေ၊ ရပ်ကွက်ပိုင်ရုံးတွေ ၊ပြည့်သူ့ပိုက်ဆံနဲ့ ဆောက်ထားတဲ့ရုံးတွေ” ဟု မရှီကထောင်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်းရှိ မမုံကျေးရွာအုပ်ချုပ်ရေးရုံး၊ စပေါ့ကျေးရွာအုပ်ချုပ်ရေးရုံးနှင့် လုံးခင်းကျေးရွာအုပ်ချုပ်ရေးရုံးများကိုလည်း ပြည်သူများမှ ဆန္ဒပြ ကန့်ကွက်ပြီး ရုံးတွေကို ပြည်သူ့ဆန္ဒဖြင့် ပိတ်ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ဖားကန့်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မရှီကထောင်ရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မော်ဝမ်း ရပ်ကွက်ရုံးများကို ပြည်သူများက သော့ပိတ်ခဲ့သော်လည်းမြို့မ၊အေးမြသာယာရပ်ကွက်မှ အုပ်ချုပ်ရေးရုံးများ ကို ပိတ်ထားခြင်းမရှိသေးပေ။
အာဏာသိမ်းစစ်ကောင်စီက အသစ်ဖွဲ့စည်းခန့်အပ်မည့်အုပ်ချုပ်ရေးအဖွဲ့များအား ကျေးရွာအလိုက်၊ ရပ်ကွက်အ လိုက် ဆန့်ကျင် ကန့်ကွက် ဆန္ဒဖော်ထုတ်ပြီးရုံးများကိုလည်းအသုံးပြု၍မရစေရန် အခိုင်အမာ ပိတ်သွား မည်ဖြစ်ကြောင်းလည်း ရပ်ကွက်၊ကျေးရွာနေပြည်သူများက ပြောဆိုကျက်ရှိသည်။