ဧည့်စာရင်းတိုင်ကြားမလုပ်သူများအနေဖြင့် မလုပ်သည့်အလျောက် တာဝန်ခံရမည်ဟု ရခိုင်ကောင်စီဝင်သတိပေး

ဧည့်စာရင်းတိုင်ကြားမလုပ်သူများအနေဖြင့် မလုပ်သည့်အလျောက် တာဝန်ခံရမည်ဟု ရခိုင်ကောင်စီဝင်သတိပေး
by -
မင်းထွန်း (DMG)

ဧည့်စာရင်းတိုင်ကြားခြင်းမရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းကပြောသည်။

 

အာဏာသိမ်းကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြဋ္ဌာန်းလိုက်သည့်ဥပဒေ၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုမှ ညအိပ်ညနေ လာရောက်တည်းခိုသော ဧည့်သည်များဧည့်စာရင်း တိုင်ကြားခြင်းကို လက်ခံခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ဧည့်စာရင်းတိုင်ကြားရန်ပျက်ကွက်လျှင် အရေးယူခြင်းများ လုပ်ဆောင်ရန်ပါရှိသည်။

ယင်းဥပဒေအရ ပြည်သူများအနေဖြင့် ချမှတ်ထားသည့်စည်းကမ်းများကိုလိုက်နာကာ ဧည့်စာရင်းတိုင်ကြားကြရန်နှင့် တိုင်ကြားမှုမရှိပါက အရေးယူသွားမည်ဟု ဗိုလ်မှူးကြီးမင်းသန်းကဆိုသည်။

 

“နိုင်ငံတော်ကကြေညာပြီးကတည်းက ရခိုင်မှာလည်းစအသုံးပြုနေတာ။ မလိုက်နာတဲ့သူတွေကတော့ ဥပဒေအရပဲပေါ့။ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ။ မလိုက်နာတဲ့သူဆိုရင်လည်း မလိုက်နာတဲ့အလျောက် တာဝန်ခံရမှာပေါ့” ဟု ၎င်းကပြောသည်။

 

စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက မြို့သူ၊ မြို့သားများအနေဖြင့် နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် ဥပဒေများကို လိုက်နာကာ ဧည့်စာရင်းလာရောက်တိုင်ကြားမှုများရှိကြောင်း ပြောသည်။

 

“စည်းကမ်းကတော့ လိုက်နာကြတယ်။ ဧည့်စာရင်းတိုင်ရမယ့်ပုံစံတွေကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြပေးနေပါတယ်။ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ကျွန်တော့်တို့အိမ်မှာတော့ ဘယ်သူ၊ ဘယ်ဝါ ရောက်နေပါတယ်ဆိုပြီး သွားတိုင်ကြားရင် အုပ်ချုပ်ရေးမှူးတွေက လိုအပ်တာတွေကို မေးတာလောက်ပါပဲ။ သီးသန့်ကြီး စာတစ်တန်၊ ပေတစ်တန်ဖြည့်ပြီး လျှောက်ရတဲ့ပုံစံမျိုးတော့ မဟုတ်ပါဘူး” ဟု ဦးအောင်ဇော်ဦးကပြောသည်။

 

ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်ခဲ့ပါက ကျပ်တစ်သောင်းထက်မပိုသော ငွေဒဏ်နှင့် ငွေဒဏ်ပေးဆောင်ရန်ပျက်ကွက်ပါက (၇) ရက်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...