မန္တလေးမြို့ တိုင်းရင်းသားပေါင်းစုံသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး ရှမ်းနီတိုင်းရင်းသားလေးဦးအပါအ၀င် တခြားတိုင်းရင်းသား ၆၀ ကျော် ဖမ်းဆီခံထားရကြောင်း သိရသည်။
“လူစုပြီး စာရေးပြီးနေတုန်းပဲရှိသေးတယ် အဘက်ဘက်ကနေညှပ်ဖမ်းတာ။ လမ်းကြားတွေပါ ပိတ်ဖမ်းတာ။ သေနတ်သံ ငါးချက်အရင်ကြားရပြီး စဖမ်းတာ အိုးဘိုထောင်ကိုခေါ်သွားတယ်လို့တော့ ကြားရတာပဲဗျ“ ဟု အဆိုပါ တိုင်းရင်းသားပေါင်းစုံ သပိတ်စစ်ကြောင်းတွင် ပါ၀င်ခဲ့သည့် ရှမ်းနီတိုင်းရင်းသားတစ်ဦးက ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) တွင် ငြိမ်းချမ်းစွာ စည်တန်းလှည့်လည်ဆန္ဒပြရန် ၃၅ လမ်း ရှမ်းတိုင်းရင်းသားများ သာရေး/နာရေးအသင်းရုံး နောက်ဘေးလမ်း၌ လူစုနေချိန် ရဲနှင့် စစ်သားအင်အား ရာနှင့်ချီက ပိတ်ဆို့ဖမ်းဆီခဲ့ကြခြင်းဖြစ်ပြီး ဖမ်းဆီခံရသူအများစုမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ခုတော့ ဖမ်းဆီခံရသူတွေကို လွတ်မြောက်ဖို့ လုပ်ဆောင်နေပါတယ်။ လူစာရင်း အတိအကျရဖို့ စုံစမ်းနေပါတယ်။ တစ်ချို့ကအဆက်အသွယ်မရသေးဘူးဗျ တစ်ချို့ကတော့ အိမ်ပြန်ရောက်နေကြပြီလို့တော့ကြားတယ်။ တစ်ချို့က နီးရာလူနေအိမ်တွေမှာ ပုန်းခိုခွင့်ရခဲ့ပြီး ပုန်းခိုနေရတယ်လို့” ရှမ်နီလူငယ် တစ်ဦးကပြောသည်။
လက်ရှိအချိန်အထိ အဆိုပါ တိုင်းရင်းသားသပိတ်စစ်ကြောင်းမှ ပိတ်မိနေဆဲရှိနေပြီး နှစ်ဖတ်ပိတ်စို့ထားမှုများ ရှိနေဆဲဖြစ်ကြောင်းနှင့် ဖမ်းဆီခံရသူများ လွတ်မြောက်ရေးအတွက်လဲ လှုပ်ရှားမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုင်းရင်းသားပေါင်းစုံသပိတ်တွင် မန္တလေးအခြေဆိုက် တိုင်းရင်သားလူငယ်များမှ ပါ၀င်ကြပြီး ရိုးရာ၀တ်စုံများဖြင့် နှစ်ငါးလုံးအရေးတော်ပုံ မတိုင်ခင်ကတည်းက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြနေကြခြင်းဖြစ်သည်။