သံတောင်ကြီးတွင် လစာထုတ်ယူသည့်ဝန်ထမ်းများကို CDM စာရင်းကနေ ပယ်ဖျက်သွားမည်

သံတောင်ကြီးတွင် လစာထုတ်ယူသည့်ဝန်ထမ်းများကို CDM စာရင်းကနေ ပယ်ဖျက်သွားမည်
by -
စောထွန်းလင်း (KIC)

သံတောင်ကြီးမြို့နယ်တွင် လစာထုတ်ယူသည့်ဝန်ထမ်းများကို CDM (Civil Disobedience Movement) စာရင်းမှ ပယ်ဖျက်သွားမည်ဟု CDM ပြုလုပ်နေသည့် သံတောင်ကြီးမြို့နယ်မှ မူလတန်းပြဆရာမတစ်ဦးက ကေအိုင်စီသို့ပြောသည်။ 

သံတောင်ကြီးမြို့နယ်တွင် ကနဦးစာရင်းများအရ CDM ပြုလုပ်နေသည့် ဝန်ထမ်း ၂၀၀ ဦးကျော်ရှိပြီး ထိုအထဲ တွင်အချို့ ဝန်ထမ်းများသည် အခြေအနေအမျိုးမျိုးကြောင့် လုပ်ခ၊ လစာထုတ်ရက်တွင် လစာထုတ်ယူချင်သလို CDM တွင်လည်း ဆက်လက်ပါဝင်ချင်သည့် သဘောမျိုးရှိသည့်အတွက် ယခုလို ဆုံးဖြတ်ထားခြင်းဖြစ်သည်။

“ကျွန်မတို့ တစ်ချက်ကြည့်ရမှာက လစာထုတ်တဲ့သူတွေကို CDM ကနေဖြုတ်မယ်။ လစာမထုတ်တဲ့သူတွေကို CDM ဝန်ထမ်းအဖြစ်ထားမယ်။ ကျွန်မတို့ကတော့ CDM မှာပါဝင်ပြီးတော့ လုပ်နိုင်တဲ့ဘက်ကနေ မားမားမတ်မတ်ရပ်တည်သွားမယ်။ အခုကကိုယ့်တယောက်ထဲရဲ့ အရေးမဟုတ်ဘူး။ တစ်နိုင်ငံလုံးရဲ့ အရေးဖြစ်တယ်။ အောင်မြင်ဖို့အတွက် ကျွန်မတို့ တစ်သမှတ်ထဲပဲသွားကြမယ်” ဟု CDM တွင်ပါဝင်သည့် မူလတန်းပြ ဆရာမတဦးက ပြောသည်။

သံတောင်ကြီးမြို့နယ်တွင် အာဏာသိမ်းမှုအပေါ် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းထိ မြို့နယ်ဘောလုံးကွင်း၌ လူစုပြီးနောက် သံတောင်ကြီးမြို့ပေါ် တဝိုက်လှည့်လည် ဆန္ဒပြခဲ့ပြီးနောက် အဆိုပါ ဘောလုံးကွင်း၌ “Save Myanmar Save Thandaunggyi” စာသားပုံဖော် ဆန္ဒထုတ်ဖော်မှု ပြလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲသို့ ကျမ်းမာရေး၊ ပညာရေး၊ စည်ပင်၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများနှင့် မြို့ခံပြည်သူ စုစုပေါင်း ၁၀၀၀ နီးပါးခန့်ပါဝင်ကြောင်း သံတောင်ကြီးမြို့နယ်၊ တောပြာကြီး ကျေးရွာသား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

သံတောင်ကြီးမြို့နယ် ကျမ်းမာရေး ဝန်ထမ်းများအနေဖြင့် ပြည်သူရွေးချယ်သည့် အစိုးရ ဖွဲ့ပြီးချိန်မှသာ လုပ်ခ၊ လစာများ ပြန်လည်ထုတ်ယူ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရသင့်ရထိုက်သည့် လုပ်ခ၊ လစာများ လျော့နည်းပျောက်ဆုံးပါက မြို့နယ်ကျမ်းမာရေးဦးစီးမှူး၏ တာဝန်အလုံးစုံသာ ဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၂၃ ရက်တွင် သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောဆိုထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...