ကယားပြည်နယ်တွင် CDMမှာ ပါဝင်သဖြင့် တာဝန်မှရပ်ဆိုင်းခံရသော ထွေအုပ်ဝန်ထမ်း ၆၀ ခန့်ရှိလာ

ကယားပြည်နယ်တွင် CDMမှာ ပါဝင်သဖြင့် တာဝန်မှရပ်ဆိုင်းခံရသော ထွေအုပ်ဝန်ထမ်း ၆၀ ခန့်ရှိလာ
by -
နော်ဒွေးအယ်ခူ (KT)

ကယား (ကရင်နီ) ပြည်နယ်မှာ Civil Disobedience Movement (CDM) ပါဝင်သဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၅၉ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရကြောင်း သိရသည်။

 

ယခုလို တာဝန်မှ ယာယီရပ်ဆိုင်းခံရသူများသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးစီဦးဌာနမှ ဝန်ထမ်း ၄၅ ဦးနှင့် ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၁၄ ဦးဖြစ်ကြောင်း သိရသည်။

 

တာဝန်မှ ရပ်စဲခံလိုက်ရတဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက “လက်ရှိအနေအထားအရ ကျွန်တော်တို့ကို တာဝန်မှ ယာယီရပ်စဲလိုက်ပြီဆိုတော့လဲ အဲ့ဒါတော့ ကျနော်တို့အနေနဲ့ဆို ဒီအတိုင်းပဲပေ့ါ။ CDM ကိုပဲ အဆုံးထိပေါ့။ ပြည်သူက တင်မြောက်ထားတဲ့ ပြည်သူ့အစိုးရတက်လာမှပဲ ကျွန်တော် တို့ ရုံးပြန်တက်မယ်ပေါ့။ သူတို့ တာဝန်မှ ယာယီရပ်စဲလိုက်တဲ့အပေါ်မှာလည်း ကျွန်တော်တို့အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး” ဟု ပြောသည်။

 

လွိုင်ကော်တွင် တာဝန်မှရပ်ဆိုင်းခံရသည့်  ပြည်နယ်ထွေအုပ်ဝန်ထမ်း ၄၅ဦးတွင် ၄၀ ဦးကို တာဝန်မှရပ်ဆိုင်း လိုက်ကြောင်း အကြောင်းကြား စာပေးပို့ခဲ့သော်လည်း ငါးဦးကို အကြောင်းကြားစာ မပေးပို့ခြင်းမရှိဘဲ ဖုန်းဖြင့် သာ အသိပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထွေအုပ်ဝန်ထမ်းများကို ပေးပို့လာသော အကြောင်းကြားစာတွင် CDM ပါဝင်ခြင်းနှင့် ရုံးတက်ရောက်ရန်အကြောင်းမဲ့ပျက်ကွက်ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် ၂၆၊ ပုဒ်မခွဲ (က)၊ နိုင်ငံဝန်ထမ်း ဥပဒေပုဒ်မ ၃၈၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ၁၆၁ (ဃ)နဲ့ ၁၆၃ (ဖ)တို့အား ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ၁၇၁ အရ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ဖော်ပြထားသည်။

 

တာဝန်မှယာယီရပ်ဆိုင်းခံလိုက်ရတဲ့ ဝန်ထမ်းများတွင် ဌာနခွဲစာရေး၊ စာရင်းကိုင်၊ အကြီးတန်းစာရေး၊ အငယ်တန်းစာရေး၊ အငယ်တန်းလက်နှိပ်စက်၊ ဒု-လ/ထ ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ အမှုတွဲခန်း (အငယ်တန်းစာရေး)၊ အငယ်တန်းစာရေး (ရပ်/ကျေး)၊ ရုံးအကူ၊ ယာဉ်မောင်း၊ စာပို့နဲ့ သန့်ရှင်းရေးအထိ ရာထူး/တာဝန် အဆင့်ဆင့်ပါဝင်ကြောင်း သိရသည်။

 

ကယားတစ်ပြည်နယ်လုံးမှာ ထွေအုပ်ဝန်ထမ်းဦးရေ ၅၀၀ ကျော်ရှိတဲ့အနက် ဝန်ထမ်း ၁၀၀ ကျော်သည် CDM ပြုလုပ်လျက်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...