ကရင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီကခန့်အပ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှုများကို ရပ်ကွက်နေပြည်သူများက ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အထူးသဖြင့် ဖားအံမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအသစ်ကို လက်မခံသည့် ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်လျက်ရှိပြီး ဖားအံမြို့ အမှတ် ၉ ရပ်ကွက်တွင် ခန့်အပ်ခဲ့သည့် အုပ်ချုပ်ရေးမှူးအသစ်အား အလိုမရှိကြောင်း ရပ်ကွက်နေ ပြည်သူလူထုများက အုပ်ချုပ်ရေးမှူးရုံးအရှေ့၌ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်ခဲ့ သည်။
ယခု အသစ်ခန့်အပ်လိုက်သည့် အုပ်ချုပ်ရေးမှူးသည် ရပ်ကွက်နေ ပြည်သူလူထုရွေးချယ်တင်မြောက်သည့် အုပ်ချုပ်ရေးမှူးမဟုတ်သလို လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် အုပ်ချုပ်ရေးမှူးကိုသာ ဆက်လက်လုပ်ဆောင်စေလိုသည့်အတွက် ယခုလို သွားရောက်ကန့်ကွက်ရခြင်းဖြစ်သည်ဟု ပြည်သူများက ပြောသည်။
အမှတ် ၉ ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရပ်ကွက်နေ ပြည်သူအချို့သွား၍ “ဦးဝေလင်းအလိုမရှိ၊ ပြည်သူ့ ဆန္ဒအလေးထားပါ၊ ကောင်စီအားပေးသူမှန်သမျှ ဆန့်ကျင်ကြစသည့် ကြွေးကြော်သံများနှင့်အတူ ကြွေးကြော်သည့်အပြင် အုပ်ချုပ်ရေးမှူးအလိုမရှိ မိမိရပ်ကွက်ကို ရပ်ကွက်သူရပ်ကွက်သားများအုပ်ချုပ်မည်စသည့် စာတန်းများကိုလည်း အုပ်ချုပ်ရေးမှူးရုံးအရှေ့ ခြံစည်းရိုးတွင် သွားရောက်ကပ်ထားခြင်းလည်းရှိသည်။
အသစ်ရွေးချယ်တင်မြောက်သည့် ဖားအံမြို့နယ်အတွင်းရှိ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသီးသီးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်၍ ယာယီတာဝန်ပေးအပ်လိုက်ကြောင်း ဖားအံမြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးခန့်အပ်ခြင်းဖြစ်သည်။
ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများခန့်အပ်သည့် အစီအစဉ်သည် သက်ဆိုင်ရာကျေးရွာနှင့် ရပ်ကွက်နေပြည်သူလူထုအသီးသီးမှ ရွေးချယ်ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးများမဟုတ်သည့်အတွက် ယခုလို ကန့်ကွက်မှုများရှိလာခြင်းဖြစ်သည်။