ယနေ့ (နှစ်ငါးလုံး) တွင် အာဏာရှင်ဆန့်ကျင်သည့် ပြည်လုံးကျွတ်သပိတ်တွင် နိုင်ငံတဝှမ်းရှိ မြို့နယ်အသီးသီးမှ ပြည်သူသန်းနဲ့ချီပါဝင်ခဲ့ကြောင်းသိရသည်။ စစ်တပ်နှင့် ရဲများ၏ အကြမ်ဖက်ဖြိုခွဲမှုများနှင့် ရင်ဆိုင်နေရသည့်မြို့ တစ်ခုဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သည်လည်း ပြည်လုံးကျွတ်သပိတ်တွင် ဒေသခံပြည်သူသိန်းချီပါဝင်ခဲ့ပြီး ငြိမ်းချမ်းစွာပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် နှစ်ငါးလုံးနေ့ ပြည်လုံးကျွတ်သပိတ်တွင် ကချင်ပြည်နယ် မြို့နယ်တချို့မှပြည်သူများ တက်ကြွစွာပါဝင်လှုပ်ရှားမှုများနှင့်ပတ်သက်၍ စုစည်းဖော်ပြလိုက်ရပါသည်။
ပူတာအိုမြို့
စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် နှစ်ငါးလုံး ပြည်လုံးကျွတ်သပိတ်တွင် ပူတာအိုမြို့တွင် ပြည်သူနှစ်သောင်းဝန်းကျင်ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ပြည်သူ နှစ်သောင်းခန့်ပါဝင်သည့် ယင်းသပိတ်စစ်ကြောင်းသည်ပူတာမြို့ပေါ်၌ ဖေဖော်ဝါရီ ၂၀ ရက်ဖမ်းဆီး ခံထားရသည့် လူငယ်ငါးဦးအား ချက်ချင်းလွှတ်ပေးရန် တောင်းဆိုမူများလည်းပြုလုပ်ခဲ့ပြီး မြို့မရဲစခန်းတွင်လည်း သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သပိတ်စစ်ကြောင်းအနေဖြင့် ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်) နံနက် ၈နာရီခန့်မှာစတင်ကာ မြို့တွင်းဆန္ဒပြလှည့်လည်ခဲ့ကြပြီး နေ့လည် ၁၂ ခွဲချိန်ခန့်တွင် သပိတ်စစ်ကြောင်းအား ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
ပူတာအိုမြို့တွင် စျေးဆိုင်၊ဆီဆိုင်များ အစရှိသည့်စားသောက်ကုန်ရောင်းသည့် ဆိုင်များအားလုံးပိတ်၍ ပြည်သူများက အထွေထွေသပိတ်ကို ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝိုင်းမော်မြို့
စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် နှစ်ငါးလုံး ပြည်လုံးကျွတ်သပိတ်တွင် ဝိုင်းမော်မြို့သပိတ်စစ်ကြောင်းတွင် ပြည်သူပါဝင်မှုတိုးလာပြီး ပြည်သူတစ်သိန်းဝန်းကျင်ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့အတူ ဝိုင်းမော်မြို့ပေါ်မှ ပြည်သူများအပြင် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအချို့မှဝန်ထမ်းများ၊ ကျေးရွာများမှ ပြည်သူများလည်း လာရောက်ဆန္ဒထုတ်ဖော်ကြသဖြင့် ယခင်နေ့များကထက် အင်အားများလာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သပိတ်စစ်ကြောင်းအနေဖြင့် မြို့တွင်းမှ လမ်းမကြီးတလျှောက် ဆန္ဒပြခဲ့ရာ ဝိုင်းမော်ငြိမ်းချမ်းသယာ အားကစားကွင်းအကျော်တွင် ရဲများကတားဆီးထားသဖြင့် သပိတ်စစ်ကြောင်းကို ပြန်လှည့်ကာ ဝိုင်းမော်မြို့ လမ်းမ ကြီးပေါ်တွင်သာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ဖားကန့်မြို့
ဖားကန့်မြို့ သပိတ်စစ်ကြောင်းသည် နံနက် ၉ နာရီချိန်ခန့်မှစ၍ မှော်အသီးသီးမှ ပြည်သူများ ဖားကန့်မြို့သို့ချီတက်၍ ဖားကန့်မြို့ပေါ်ရှိပြည်သူများနှင့်အတူ မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအသီးသီးရှေ့သို့ လှည့်လှည်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ပြည်လုံးကျွတ် သပိတ်စစ်ကြောင်းနေ့တွင် ဖားကန့်မြို့နယ်တွင် လူဦးရေ နှစ်သိန်းဝန်းကျင်ခန့်ပါဝင်ခဲ့ကြပြီး ပညာရေးဝန်ထမ်းများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ယနေ့ ဖားကန့်သပိတ်စစ်ကြောင်းကို တားဆီးမှုမရှိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြရပြီး သပိတ်စစ်ကြောင်းအား နေ့လည် ၁ နာရီချိန်တွင် ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
ချီဖွေမြို့
ယနေ့ နှစ်ငါးလုံးနေ့တွင် ချီဖွေမြို့၌ စစ်ရှောင်ပြည်သူများနှင့်ချီဖွေဒေသခံပြည်သူ တစ်ထောင်ဝန်းကျင်ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြည်သူများသည် နံနက် ၇ နာရီမှစတင်၍ မြို့တွင်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မြို့တွင်းတွင် ထိုင်သပိတ်ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချီဖွေသပိတ်စစ်ကြောင်းသည် ယခင်ရက်များထက် လူဦးရေပိုများလာသည့်အခြေနေရှိပြီး ဌာနဆိုင်ရာမှဝန်ထမ်းအချို့လည်း ပါဝင်လာကာ သပိတ်စစ်ကြောင်းအား နံနက် ၁ ၀နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မြစ်ကြီးနား
စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် နှစ်ငါးလုံး ပြည်လုံးကျွတ်သပိတ်တွင် မြစ်ကြီးနားမြို့၌ လူဦးရေလေး သိန်းဝန်းကျင်ခန့် စံချိန်တင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
နံနက် ၈ နာရီ သပိတ်စစ်ကြောင်း မစတင်မီ အသင်းတော်ပေါင်းစုံ၊ ဘာသာပေါင်းစုံမှ မနောကွင်းနောက်ဘက်ရှိ လယ်ကွင်းပြင်တွင် ငြိမ်းချမ်းရေးဝတ်ပြုဆုတောင်းခြင်း အစီအစဉ်ပြုလုပ်ခဲ့ကြပြီးနောက် မြို့တွင်းတစ်လျှောက် လမ်းလျှောက်ဆန္ဒထုတ်ဖော်ကြသည်။
ထို့အတူ မြစ်ကြီးနားစျေးအဖွဲ့သည်လည်း နံနက် ၉ နာရီခန့်မှစကာ မြို့တွင်းရှိ စျေး (၁)၊ စျေး (၂) တာရိုးကုန်းတစ်လျှောက် သပိတ်ကြောင်း ချီတက်ခဲပြီး အ.ထ.က (၁) ကျောင်းနားရှိ ကျောက်စိမ်းတုံးရှိအဝိုင်းပတ်လမ်းဆုံတွင်ဆုံကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထို့ပြင် ယင်းနေရာ၌ပင် ထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နေ့လည် ၁ နာရီကျော်အထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယနေ့ မြစ်ကြီးနားသပိတ်စစ်ကြောင်းသည် ဖြိုခွင်းခံရခြင်းမရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နိုင်ခဲ့ကြသည်။
တစ်မြို့လုံးရှိ စျေးဆိုင်များ၊ စားသောက်ကုန်ရောင်းချသည့်ဆိုင်များ၊ ဆီဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းမရှိဘဲ မြို့တွင်းဆန္ဒထုတ်ဖော်သည့်နေရာမှလွဲ၍ တစ်မြို့လုံးတိတ်ဆိတ်သွားသည်ကို တွေ့ရသည်။
ဗန်းမော်မြို့
ယနေ့နှစ်ငါးလုံးနေ့တွင် ဗန်းမော်မြို့၌ လူဦးရေ သုံးသိန်းကျော်ပါဝင်သည့် သပိတ်စစ်ကြောင်းသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နိုင်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
ဗန်းမော်မြို့တွင်လည်း ပညာရေးဝန်ထမ်းများပါဝင်သည့်အပြင် ဌာနဆိုင်ရာဝန်ထမ်းအချို့လည်း ပါဝင်ကြောင်း သိရသည်။
ဗန်းမော်သပိ်တ်စစ်ကြောင်းသည် နံနက် (၉) နာရီခန့်မှစတင်ကာ တစ်မြို့လုံးလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး တားဆီးခြင်း၊ ပိတ်ပင်ခြင်းများ မရှိ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နိုင်ခဲ့ကြပြီး သပိတ်စစ်ကြောင်းအား နေ့လည် ၁ နာရီခန့်တွင် သပိတ်စစ်ကြောင်း ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။