ရခိုင်တွင် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူများအနက် အမှုဖွင့်ခံရသူ ဝန်ကြီးချုပ်အပါအဝင် လေးဦးထိ ရှိလာ

ရခိုင်တွင် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူများအနက် အမှုဖွင့်ခံရသူ ဝန်ကြီးချုပ်အပါအဝင် လေးဦးထိ ရှိလာ
by -
ထွန်းခိုင် (နိရဥ္စရာ)

စစ်တပ်က အာဏာသိမ်းပြီး ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် အမှုဖွင့်ခံရသူ ဝန်ကြီးချုပ်ဦး ညီပုအပါအဝင်လေးဦးထိ ရှိလာကြောင်း သိရသည်။

 

ဝန်ကြီးချုပ်အပြင် နောက်ထပ်အမှုဖွင့်ခံရသူ သုံးဦးမှာ အနိုင်ရ NLD ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ရွာမရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီ၊ မြို့မရပ်ကွက်မှ ဦးအောင်စိုးမင်းတို့ဖြစ်ကြောင်း ဂွမြို့ဒေသခံ ကိုဟိန်းမင်းစိုးက ပြောသည်။

 

“ကိုရဲခေါင်ညွန့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ပေါ့။ နောက် ကိုလူနီကို အားပေးကူညီမှု ပုဒ်မ ၁၁၄ နဲ့ရယ်၊ နောက် ကိုအောင်စိုးမင်းကိုက သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးပုဒ်မ ၂၅ နဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။ အခုတော့ အဲဒီသုံးယောက် ရဲစခန်းမှာပါ” ဟု ၎င်းက ပြောသည်။

 

ဦးလူနီနှင့် ဦးအောင်စိုးမင်းတို့မှာ ဂွမြို့အတွင်း တပ်မတော်အာဏာ သိမ်းမှုအားကန့်ကွက်ဆန္ဒပြခဲ့ရာတွင် ပါဝင်ခဲ့၍ ဖမ်းဆီးခံခဲ့ရပြီးနောက် ယခုလိုပုဒ်မများဖြင့် အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

 

တပ်မတော်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလအတွင်း ဂွမြို့မှ ဖမ်းဆီးထိန်းသိမ်းခဲ့သူ ခြောက်ဦးရှိကြောင်း သိရသည်။

 

၄င်း ခြောက်ဦးမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ဂွမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်ဆန်း၊ ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီ၊ မြို့မရပ်ကွက်မှ ဦးအောင်စိုးမင်းနှင့် ဝန်ကြီးချုပ်ဦးညီပု၏ PSO ဦးကြည်စိုးထွန်းတို့ ဖြစ်သည်။

 

ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်ကြောင်း သိရသည်။

 

ကိုဟိန်းမင်းစိုးက “ဒီသုံးယောက်ကို ရဲစခန်းကိုလွှဲပြောင်းထားတာက နှစ်ရက်လောက်တော့ ရှိပါပြီ။ သူတို့ကို ဘယ်နေ့က အမှုဖွင့်တာကိုလည်း ကျွန်တော်တို့ မသိရဘူး။ အခုမှ အမှုဖွင့်ခံရတယ်ဆိုတာကို သိတာပေါ့။ ဘယ်နေ့ ရုံးထုတ်မလဲတော့ မသိသေးဘူး။ ဝန်ကြီးချုပ်ဦးညီပုရဲ့  ကိုယ်ရေးအရာရှိ PSO ကိုကြည်စိုးထွန်းနဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်ဆန်းတို့ကျတော့ အမှတ် ၅၆၂ တပ်ထဲမှာလို့ ထင်ပါတယ်” ဟု ပြောသည်။

 

ထိုသုံးဦး အမှုဖွင့်ခံရခြင်းနှင့်ပတ်သက်၍ ဂွမြို့မရဲစခန်းသို့ နိရဥ္စရာမှ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

 

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...