ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြထုတ်ဖော်သည့် ပြည်သူများ ဖြိုခွင်းခံရပြီး၊ သံဃာတော်တစ်ပါးနှင့် ဆန္ဒပြပြည်သူနှစ်ဦး အဖမ်းခံခဲ့ရသည်။
စစ်သားများနှင့် ရဲတပ်ဖွဲ့များက ထိုင်သပိတ်တွင်ပါဝင်နေသူများအားလည်း သေနတ်များဖြင့်ချိန်၍ ခြိမ်းခြောက်မောင်းထုတ်ခြင်းများ၊ ဆန္ဒပြပွဲတွင် ပါဝင်သူ လူငယ်နှစ်ဦး၊ ဆန္ဒပြပွဲစတင်သည့်နေ့မှ ယနေ့အချိန်ထိ ပါဝင်ခဲ့သူ မန္တလေးကျောင်းတိုက်မှ သံဃာတော်တစ်ဦးတို့ ဖမ်းဆီးခံခဲ့ရပြီး သပိတ်စစ်ကြောင်း၏ ကားတစ်စင်း၊ ဆန္ဒပြလူငယ်များ၏ Song Box များကိုလည်း ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) တွင် အသိမ်းခံခဲ့ရကြောင်း သိရသည်။
“စစ်တပ်ကလူတွေက တဖြည်းဖြည်း ရှေ့ကိုပိုပိုတိုးလာတယ်။ နောက်ကားတွေထဲက ရဲတွေကလည်း အကာတွေဘာတွေနဲ့ နေရာချလာတယ်။ တောင့်ခံပြီးဆက်နေဖို့ လုပ်နေကြသေးတယ်၊ အဲ့မှာ ဆန္ဒပြပြည်သူအချင်းချင်း သူတို့နဲ့ ထိပ်တိုက်မရင်ဆိုင်နဲ့ ငါတို့ တခြားသွားရအောင်ဆိုပြီး ရှောင်ကြတယ်။ ဆိုင်ကယ်နဲ့ပြန်တဲ့လူတွေရှိတယ်။ အဲ့မှာ ကျန်ခဲ့တဲ့ ပြည်သူတွေကို ရဲတွေက လေးခွနဲ့စပစ်တာ။ ပြီးတော့ လမ်းကိုလည်း လုံးဝပိတ်လိုက်တယ်။ တချို့ကိုလည်း ဖမ်းသွားတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူဒေသခံတစ်ဦးက ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးကလည်း “ဒီနေ့လည်း ကျွန်တော်တို့က ဘာမှမလုပ်ဘူး။ အေးအေးဆေးဆေးပဲ ထိုင်ပြီး ဆန္ဒပြတာဟုတ်တယ်။ ကျွန်တော်တို့ အားလုံးက အဲ့မှာရှိနေတာ။ သေနတ်ကိုလည်း ပြည်သူဘက်ကိုချိန်တာ၊ မိုးပေါ်ချိန်တာလည်း မဟုတ်ဘူးဗျ။ အဲ့တော့ ပြည်သူတွေက လန့်ကုန်တာပေါ့။ အဲ့နားမှာ အေးဆေးသီချင်းဆိုတဲ့ လူငယ်တွေရှိတယ်။ သူတို့ရဲ့ Song Box တွေလည်း အကုန်သိမ်းသွားတယ်။ တချို့လည်း ပြေးကုန်တယ်။ မပြေးပဲ ကျန်ခဲ့တဲ့လူတွေကိုလည်း လေးခွနဲ့ပစ်တယ်။ အဲ့မှာ ဆန္ဒပြပြည်သူတွေ ဖြိုခွင်းခံလိုက်ရတာပဲ” ဟု ပြောသည်။
မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ မန္တလေးကျောင်းတိုက်က သံဃာတော် ဦးပညာဝံသကိုလည်း စစ်သားများက ၎င်း၏ကျောင်းတိုက်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
“ဘုန်းဘုန်းကိုတော့ သူ့ရဲ့ကျောင်းတိုက်ကနေ လာခေါ်သွားတယ်။ ကားလည်းသိမ်းသွားတယ်။ စစ်သားတွေက ဒီ မန္တလေးကျောင်းတိုက်ထဲဝင်ပြီး လာဖမ်းသွားတာလို့ ကျနော်တို့သိထားတယ်။ ကားတစ်စင်းလည်း သိမ်းသွားတယ်” မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့ရှိ အထက (၁) စာသင်ကျောင်းရှေ့တွင် ဖေဖော်ဝါရီ ၁၈ ရက်က ထိုင်သပိတ်ဆန္ဒထုတ်ဖော်နေကြသည့် ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများက အင်အားသုံးဖြိုခွဲခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒပြလူငယ်တစ်ဦးက ရှင်းပြခဲ့သည်။
“ကျွန်မတို့က ဆန္ဒပြဖို့အတွက် ကျောက်စိမ်းအဝိုင်းပတ်မှာ လူစုနေတုန်း ဒရုန်းက အရင်လာတယ်။ အဲ့ဒီမှာ Generation Y တွေ We Want Democracy ဆိုတဲ့စာသားကို ရေးနေကြတာ။ အဲ့အချိန်မှာ စစ်တပ်ကားတွေ အများကြီးလာခဲ့တယ်။ ရဲကားနှစ်စီး၊ အဲ့နောက်မှာက စစ်တပ်က ကားတွေ ရောက်လာတယ်။ ထ ၁ ရှေ့မှာရပ်နေတော့ ပြည်သူတွေက ဝိုင်းအော်ကြတယ်။ အဲ့မှာ ဒရုန်းနဲ့ ဓါတ်ပုံတွေဘာတွေလည်း ရိုက်တယ်။ အဲ့ဒါရိုက်ပြီးတာနဲ့ မီးပွိုင့်ဘက်ကို ပြန်သွားလိုက်တယ်။ အဲ့မှာ ဆန္ဒပြတဲ့အထဲကပဲ သူတို့က ဘဏ်အခြေအနေကို လာကြည့်တာဆိုပြီးပြောတယ်။ အဲ့မှာ အားလုံးကလည်း ဆက်ပြီး လုပ်စရာရှိတာလုပ်ကြတယ်။ ဆန္ဒထုတ်ဖော်ဖို့အတွက်။ နောက်ထပ် ၁၅ မိနစ်လောက်ကြတာတော့ ဒရုန်းပြန်လာတယ်။ ပြီးတာနဲ့ စစ်တပ်ကားတွေထပ်ရောက်လာတယ်။ နောက်တော့ စစ်သားတွေပြေးဆင်းလာတယ်။ ဒီမှာမနေကြနဲ့ဆိုပြီး အကုန်လုံးကို လိုက် မောင်းထုတ်တယ်” ဟု ၎င်းကပြောသည်။
မြစ်ကြီးနားမြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ယခုလ ၈ ရက်မှ စတင်ကာ ၁၈ ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ခေါင်းဆောင်များ လွှတ်ပေးရေး၊ ဝန်ထမ်းများ CDM တွင် ပါဝင်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးရေး လူငယ်များ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ သောင်းနှင့်ချီက ဆန္ဒထုတ်ဖော် တောင်းဆိုလျက်ရှိသည်။
Published
Thursday, February 18, 2021
မြစ်ကြီးနားဆန္ဒပြပွဲ ဖြိုခွင်းခံရပြီး သံဃာတစ်ပါးနှင့် ပြည်သူနှစ်ဦး အဖမ်းခံရ