Civil Disobedience Movement (CDM) လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သဖြင့် ဆင့်ခေါ်စာ နှစ်ကြိမ်တိုင် ပေးပို့ခံရသော်လည်း ရုံးတက်မည်မဟုတ်ကြောင်း ထန်တလန်ထွေအုပ်ဝန်ထမ်းများက ပြောသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါ၀င်ကြသော ချင်းပြည်နယ် ထန်တလန်မြို့နယ်မှ ၀န်ထမ်းများကို ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုခံယူရန်ဟုဆိုကာ ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက ဆင့်ခေါ်စာ နှစ်ကြိမ်တိုင်ပေးပို့ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကို လွန်ခဲ့တဲ့သုံးရက်ကတစ်ကြိမ် ဒီနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) မှာတစ်ကြိမ် ရုံးကိုလာပြီး အစစ်ဆေးခံဖို့ စာပို့တယ်။ ဒါပေမယ့် ကျွန်တော်တို့သွားမှာမဟုတ်ဘူး” ဟု CDM ဝင်နေသည့် ထန်တလန်မြို့မှ အမည်မဖော်လိုသူ ထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောသည်။
CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါ၀င်ကြသော ထန်တလန်မြို့နယ်မှ ထွေအုပ်၀န်ထမ်းများကို ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်က ပထမဆုံးအကြိမ် ဆင့်ခေါ်ခဲ့သော်လည်း မည်သူမျှ သွားရောက်ခြင်းမရှိသည့်အတွက် ဖေဖော်ဝါရီ ၁၇ ရက်က ဒုတိယအကြိမ် ထပ်မံဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ CDM ဝင်နေသည့် ထွေအုပ်ဝန်ထမ်းများအား အစစ်ဆေးခံရန် ဌာနဆိုင်ရာမှ စစ်ခေါ်မှုသည် တစ်ခြားမြို့နယ်များတွင်မရှိဘဲ ထန်တလန်မြို့တစ်မြို့နယ်ထဲသာ ဆင့်ခေါ်ခံရခြင်းဖြစ်ကြောင်း CDM ဝင်နေသည့် ထန်တလန် ထွေအုပ်ဝန်ထမ်းများထံမှ သိရသည်။
CDM ဝင်နေသည့် ထွေအုပ်ဝန်ထမ်းများအား ဆင့်ခေါ်စာပေးပို့ခြင်းနဲ့ပတ်သတ်ပြီး ထန်တလန်ထွေအုပ်ရုံးမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းအား ဆက်သွယ်မေးမြန်းခဲ့ရာ “ဒီဟာက ဌာနဆိုင်ရာကိစ္စဖြစ်နေတဲ့အတွက် ပြောလို့မရပါဘူး” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
ထန်တလန်မြို့တွင် CDM ဝင်ရောက်သူ ထွေအုပ်ဝန်ထမ်း ၂၂ ဦးရှိပြီး ဒု-မြို့နယ်မှူး ဦးတင်အောင်ဝင်းမှ အိမ်တိုင်ရာရောက် ဆင့်ခေါ်စာပေးပို့မှုကြောင့် ခြောက်ဦးဝန်းကျင်ခန့် ရုံးပြန်တက်ပြီး ၁၆ ဦးမှာ CDM ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
Published
Wednesday, February 17, 2021
CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သဖြင့် ဆင့်ခေါ်စာ နှစ်ကြိမ်တိုင် ပေးပို့ခံရသော်လည်း ထန်တလန်ထွေအုပ်ဝန်ထမ်းများ ရုံးတက်မည်မဟုတ်ဟုဆို