အာဏာသိမ်းစစ်အစိုးရကောင်စီတွင် မွန်ပါတီကတစ်ဦးပါဝင်ရန် ဆုံးဖြတ်ချက်အပေါ် မွန်သံဃာတော်တစ်ပါး၏ သဘောထားအမြင်

အာဏာသိမ်းစစ်အစိုးရကောင်စီတွင် မွန်ပါတီကတစ်ဦးပါဝင်ရန် ဆုံးဖြတ်ချက်အပေါ် မွန်သံဃာတော်တစ်ပါး၏ သဘောထားအမြင်
ပုံစာ -MUP အကြီးအကဲများနှင့် မွန် ဆရာတော်ကြီးများ မော်လမြိုင်မြို့ ပိုင်ခေတ်ခန်းမတွင် ဖေဖော်ဝါရီ ၈ ရက်က တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - မွန်ညီညွတ်ရေးပါတီ)
ပုံစာ -MUP အကြီးအကဲများနှင့် မွန် ဆရာတော်ကြီးများ မော်လမြိုင်မြို့ ပိုင်ခေတ်ခန်းမတွင် ဖေဖော်ဝါရီ ၈ ရက်က တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - မွန်ညီညွတ်ရေးပါတီ)

မွန်ညီညွတ်ရေးပါတီ - MUP အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့သူ မွန်သံဃာတော် ခြောက်ပါးအနက်တစ်ပါး အပါအဝင်ဖြစ်သည့် ဆရာတော် ‘အရှင်ဝရဝံသ’ထံ တွေ့ဆုံလျှောက်ထားမေးမြန်းခြင်း။

 

အာဏာသိမ်း စစ်အစိုးရ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ မွန်ညီညွတ်ရေးပါတီကိုယ်စားလှယ်တစ်ဦး စေလွှတ်ရေး ဆုံးဖြတ်ချက်အပေါ် မွန်သံဃာတော် ဆရာတော်ကြီးများက သဘောတူကြောင်း မွန်ညီညွတ် ရေးပါတီ - MUP က ကြေညာထားသည်။

MUP အကြီးအကဲများနှင့် မွန် ဆရာတော်ကြီးများ မော်လမြိုင်မြို့ ပိုင်ခေတ်ခန်းမတွင် ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းက တွေ့ဆုံခဲ့ကြပြီးနောက် MUP က လူမှုကွန်ရက်စာမျက်နှာကတဆင့် ယင်းသို့ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

တွေ့ဆုံပွဲတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး ပါတီ CEC(ဗဟိုအလုပ်အမှု ဆောင်ကော်မတီ)၏ ဆုံးဖြတ်ချက်အပေါ် အခြေခံကာ အကြေအလည် ဆွေးနွေးတိုင်ပင်ကြကြောင်း သိရပါသည်။

ယင်းတွေ့ဆုံပွဲနှင့်စပ်လျဉ်း၍ ပြည့်စုံကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် ကိုယ်တိုင်ကြွရောက်ဆွေးနွေးခဲ့သူ ‘မွန်ဆရာတော် အရှင်ဝရဝံသ’ထံ ဟင်္သာမီဒီယာက သွားရောက်လျှောက်ထားမေးမြန်းခဲ့ပါသည်။

ဆရာတော် သီတင်းသုံးရာ ဘီလူးကျွန်း ချောင်းဆုံမြို့နယ် ဘိုးနက်ကျေးရွာရှိ ဇေယျဝံသ ပရိယတ္တိစာသင်တိုက်သို့ ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲပိုင်းတွင် သွားရောက်မေးမြန်းဖြစ်ပါသည်။

 

မေး - ဖေဖော်ဝါရီ ၈ ရက်တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ဆရာတော်တို့ရဲ့ သဘောထားကိုလည်း ပြန်မိန့်ပေး ပါဦးဘုရား။

ဆရာတော် - အဲဒီနေ့ လုပ်တဲ့ ပွဲက အဓိက ဘုန်းဘုန်းပဲ တောင်းဆိုတာပဲ။ မွန်ညီညွတ်ရေးပါတီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နေရာတစ်နေရာကို လက်ခံလိုက်တယ်ဆိုတဲ့ကိစ္စနဲ့ ဒေသခံလူငယ်တွေရော၊ CSO, NGO အဖွဲ့က ရှိတဲ့ မွန်အဖွဲ့တွေ ခပ်များများက တစ်ခါတည်း နည်းနည်း ဝိဝါဒ၊ သဘောထားချင်း၊ အမြင်ချင်း မတူကြဘူးပေါ့နော်။ နည်းနည်း ဖြစ်တော့ ဘုန်းဘုန်းတို့က စဉ်းစားလိုက်တယ်။ ဒီပွဲတော့ဖြင့် အကယ်၍ ဒီအတိုင်း လွှတ်ထားမယ်ဆိုရင် တို့အတွက် အကျိုးမရှိဘူးပေါ့နော်။ အဲဒါကြောင့် ဘုန်းဘုန်းတို့ တောင်းဆိုတော့ သူတို့ကို သွားတွေ့တာ။ နောက် နိုင်လယိတမက အဲဒီမှာ ပြီးတဲ့အခါကျတော့ သူတို့ သတင်း ထုတ်ပြန်တဲ့အခါကျတော့ ဘုန်းဘုန်းတို့ သဘောတူတယ်လို့ ဒီလို ရေးလိုက်တာ။ အဲဒါ ဘုန်းဘုန်း ချက်ချင်းပဲ ဘုန်းဘုန်းထက် ကြီးတဲ့ ဆရာတော်တွေကို လျှောက်လိုက်တယ်။ ဒါပေမဲ့ သူတို့ ရေးပြီးသွားပြီလေ။ အဲဒီ သတင်းထုတ်လိုက်တာ ဘုန်းဘုန်းတို့ သဘောထားက မပါသေးဘူး။ ဘုန်းဘုန်းတို့ သဘောတူတယ်လို့ ဒီလို ပြောလိုက်တာက နည်းနည်း လွဲတာပေါ့။ သူတို့ လုပ်ထားတဲ့ အလုပ်အပေါ်မှာ သူတို့ ရှင်းလင်းပြတာရယ်၊ ဘုန်းဘုန်းတို့က ထပ်ပြီးတော့ အကြံပေးတာရယ်၊ ဒီလောက်ပါပဲ။ ဘုန်းဘုန်းတို့က ပါတီထဲကမှ မဟုတ်တာ။

 

မေး - အရှင်ဘုရားတို့က ဩဝါဒစကားမိန့်ကြားလိုက်တယ်ပေါ့ဘုရား။

ဆရာတော် - သူတို့က သဘောတူတယ်လို့ ဒီလို ပြောလိုက်တော့ အများအမြင်မှာဆို ‘ဟာ၊ ဘုန်းကြီးကလည်း ဒီလို သဘောတူတယ်’လို့ ဒီလို ဖြစ်သွားတာပေါ့နော်။ အဲဒီမှာ ဆရာတော်တွေ ၆ ပါး ကြွသွားတယ်။ အများအားဖြင့် ဆရာတော်တွေဆန္ဒကတော့ သဘောတူတယ်ရယ်လို့ မဟုတ်ဘူး။ လုပ်ပြီးသားကိစ္စကို ဆက်ပြီးတော့ မဝေဖန်တော့ဘူး။ ဒါပေမဲ့ နောက် လာမယ့် ကိစ္စတွေကျတော့ ဒီလို ထပ်မဖြစ်ဖို့။

အဲဒီမှာပဲ ဘုန်းဘုန်းကပဲ နှစ်ချက် တောင်းဆိုလိုက်တာပေါ့။ဘုန်းဘုန်း တောင်းဆိုလိုက်တာက ဘာလဲဆိုတော့

မွန်ညီညွတ်ရေးပါတီကို ဝန်းရံထားတဲ့ အဖွဲ့၊ အသင်းတွေ အားလုံးကို ဖိတ်ကြားသင့်တဲ့လူတွေ ဖိတ်ပြီးတော့ ရှင်းလင်းပွဲ လုပ်ပေးဖို့၊ ဒါမှမဟုတ်ရင် ကြေညာချက်တခုခုပေါ့၊ ထုတ်ပေးဖို့ ဘုန်းဘုန်းက တောင်းဆိုတယ်။ အဲဒါတစ်ချက်ရယ်၊ နောက်ပြီးတော့ နောက်တစ်ချက်က အကယ်၍ အခု ဒီ ဖြစ်ပေါ်နေတဲ့ ပြဿနာက ဒီ စစ်အစိုးရကပဲ အမြဲတမ်း အာဏာမရခဲ့ဘူးဆိုရင်ကော တို့ ဘယ်လို ရပ်တည်မလဲဆိုတာကို ထည့်ပြီးတော့ စဉ်းစားထားဖို့။

နောက်ပြီးတော့ ဘုန်းဘုန်းရဲ့ သဘောဆန္ဒက မွန်ညီညွတ်ရေးပါတီက လက်ခံတယ်ဆိုတဲ့ဟာကို မဖြစ်စေချင်ဘူး။ အပြင်လူ တစ်ယောက်ယောက်ပေါ့၊ ဒါပေမဲ့ ဟိုက တောင်းတာက ဒီ ပါတီကို တောင်းတာကိုး၊ ပါတီကလည်း အဓိကက အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို မထည့်ပေးဖို့၊ ဘာဖြစ်လို့ သူတို့က ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်ဆိုတော့ အပြင်လူ တစ်ယောက်ယောက်ပေါ့။ ဒီလုပ်ငန်းနဲ့ ညီညွတ်မယ့် လူ တယောက်ယောက်ကို လွှတ်ဖို့ပေါ့၊ ဘုန်းဘုန်းက အဲဒီလို အကြံပေးတယ်။ ဒါပေမဲ့ သူတို့ လုပ်ပြီးသားဆိုတော့ ဘုန်းဘုန်းတို့ကလည်း ပြန်ပြင်လို့ မရတော့ဘူးလေ။

(ပါတီရဲ့ ဆုံးဖြတ်ချက်ကို) မငြင်းတော့ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့က (ဖေဖော်ဝါရီ ၆၊ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး) သူတို့ CEC နဲ့ မဲခွဲတယ်လေ၊ ကန့်ကွက်တဲ့ လူလည်း ရှိတယ်၊ ထောက်ခံတဲ့ လူလည်း ရှိတယ်ဆိုတော့ ပါတီက ထောက်ခံတဲ့လူက အနိုင်ဆိုတော့လည်း ဒီတိုင်းပဲ အဖြေ၊ ရလဒ်က ဒီတိုင်းပဲ သွားရမှာပေါ့။



မေး - အခုကျတော့ လက်ခံလိုက်လို့ ကောင်စီဝင်အနေနဲ့ မွန်ညီညွတ်ရေးပါတီဘက်က ကိုယ်စားလှယ်တစ် ယောက်သွားပြီး တာဝန်ယူပြီဆိုရင်ရော ဘယ်လိုမျိုးများ ဩဝါဒစကား ထပ်ပြီးတော့ မိန့်ကြားဖို့ ရှိပါသ လဲဘုရား။

ဆရာတော် - အဲဒီတော့ အခုက အဆိုးထဲကနေ အကောင်းကို ရှာတတ်ဖို့ အရေးကြီးတယ်လေ၊ ဘုန်းဘုန်းအမြင်က။ ဘာဖြစ်လို့လဲဆိုတော့ တို့ ဦးတည်နေတာက ဖက်ဒရယ်ပြည်ထောင်စုနော်၊ လက်ရှိ မဲနိုင်ထားတဲ့ အစိုးရတွေကလည်း သူတို့ မဲကို အပြတ်အသတ် နိုင်ထားသော်ငြားလည်း သူတို့ရဲ့ ဦးတည်ချက်က အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့ဖို့၊ ဒီလို တာစူနေတာကိုး။ စုပေါင်းပြီးတော့ လုပ်မယ်ဆိုတာ တာစူကြတာကိုး။ အဲဒီတော့ ဒါက တကယ် ဖြစ်မလား၊ မဖြစ်ဘူးလားပေါ့။ အခု လက်ရှိ အာဏာသိမ်းအစိုးရက တစ်ခါတည်း ဒီဘက် ဦးတည်တဲ့အတွက်ကြောင့် ဘုန်းဘုန်းတို့ တိုင်းရင်းသားတွေကို ဖိတ်ခေါ်တယ်လို့ ဘုန်းဘုန်း မြင်တယ်။

နောက်တစ်ချက်က ခေတ်အဆက်ဆက်ပေါ့နော်၊ အခု အစိုးရ ၂၀၁၀ ရွေးကောက်ပွဲကနေ တို့ ပြန် စတာ၊ ဒီ ၁၉၉၀ ကနေ ထည့် မတွက်နဲ့တော့။ ၁၉၉၀ တုန်းကလည်း ပျက်ခဲ့ပြီးပြီ။ ဒီ ၂၀၁၀ မှာ အစိုးရ နှစ်ဆက်မှာ တို့ တိုင်းရင်းသားတွေကို ဒီလို နေရာပေးဖို့ ဖိတ်ခေါ်တယ်ဆိုတာ တစ်ခါမှ မရှိသေးဘူး။ ဒါလည်း တို့ နည်းနည်း စဉ်းစားရမှာပေါ့။ ဒါပေမဲ့ ရှေ့ဆက်ပြီးတော့ ဘာတွေများ ဖြစ်လာမလဲဆိုတာ ဒါ မမြင်ဘူးပေါ့နော်၊ အခုကလည်း တစ်နိုင်ငံလုံး ဆူပူနေပြီ။ အုံကြွနေပြီ။

ဒါပေမဲ့ အခု ဆန္ဒပြနေတယ်။ ဘုန်းဘုန်းတို့အနေနဲ့ တိုင်းရင်းသားတွေ ဘာဖြစ်လို့ မပါလာတာလဲ။ ပါတယ်၊ အချို့တဝက်၊ နည်းနည်းပဲ။ တိုင်းရင်းသားတွေ အားလုံး မပါလာဘူး။ ဘုန်းဘုန်းတို့ ဒါ ထည့် စဉ်းစားရမယ်။ တိုင်းရင်းသားတွေအတွက် တောင်းဆိုတဲ့ အခွင့်အရေး တစ်ခုမှ မပါသေးဘူး။ ဥပမာ ဖက်ဒရယ်အကြောင်းကို ဦးတည်ပြီးတော့ တောင်းဆိုမယ်ဆို ဘုန်းဘုန်းတို့ တိုင်းရင်းသားတွေ ဘယ်နေမလဲ။ အခု ပြေးဝင်မှာပေါ့။ အဲဒါလည်း ရှိသေးတယ်။



မေး - မွန်တိုင်းရင်းသားထုအနေနဲ့ကလည်း မွန်ညီညွတ်ရေးပါတီအပေါ်မှာ မျှော်လင့်ချက်တွေ အရမ်းကို ကြီးကြီး မားမား ထားခဲ့တာမျိုး ရှိတာ တွေ့ရပါတယ်။ ထောက်ခံတာလည်း တကယ်ကို ထောက်ခံခဲ့တာပါ။ အခုကျတော့ မွန်ညီညွတ်ရေးပါတီရဲ့ ဒီဆုံးဖြတ်ချက်အပေါ်မှာ မွန်လူငယ်တွေကအစပေါ့၊ အမြင်စောင်းတာတွေ ဖြစ်လာခဲ့ပြီ ပေါ့။ အဲဒီအပေါ်မှာရော အရှင်ဘုရားတို့အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ချင်တာမျိုး ရှိပါသလဲဘုရား။

ဆရာတော် - အဲဒါက သူတို့ နည်းနည်း မေတ္တာရပ်ခံစေချင်တာက ဘာလဲဆိုတော့ နိုင်ငံရေးပါတီအနေနဲ့ ရပ်တည်တယ်၊ မွန်ညီညွတ်ရေးပါတီက မွန်တစ်မျိုးသားလုံးရဲ့ ကိုယ်စားလို ဖြစ်သွားပြီ။

အရင်က နှစ်ပါတီ၊ သုံးပါတီ ဖြစ်နေတယ်။ အခု ဒီ တစ်ပါတီတည်း ရပ်တည်တဲ့အတွက်ကြောင့် တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ပါတီဖြစ်သွားပြီ။ ဒါပေသိ သူတို့က ဒီအပေါ်မှာ လုပ်တာ တခါတလေကျတော့ အမှန် အားလုံး မဖြစ်နိုင်ဘူး၊ လွဲချော်တဲ့ အခါလည်း ရှိမယ်။ ဒါပေမဲ့ လွဲချော်တာကို တို့က နည်းနည်း စောင့်ကြည့်ပေးရမယ်။ ကိုယ့်ပါတီအချင်းချင်း ရန်ဖြစ်ဖို့ မသင့်သေးဘူး။ ဘုန်းဘုန်းက ဒီလို မြင်တာပေါ့။ အဓိကက ဒီလို နိုင်ငံရေး မတည်ငြိမ်တဲ့ အချိန်မှာ ကိုယ့်တစ်မျိုးသားလုံး စုစည်းရမယ့် အချိန်မှာ တို့ ဒါတွေကို ဇောင်းပေးပြီးတော့ တစ်ခါတည်း အော်လိုက်ရင် တို့ ပါတီလည်း တစ်ခါတည်း အကွဲအပြဲ ဖြစ်ကုန်ရော။ အကွဲအပြဲဖြစ်သွားရင် တစ်ခါပြန်ပြီးတော့ စုဖို့ ဆိုတာ မလွယ်တော့ဘူး။ ဒါကြောင့် စိတ်ရှည်ရှည်လေး တခဏ ထားပေးပါ။

ဒီ အာဏာသိမ်းတာလည်း ဘုန်းဘုန်းတို့ လက်မခံဘူး၊ မကြိုက်ဘူး။ ဒီထဲ ဝင်ပြီးတော့ ပေါင်းလုပ်တာလည်း မကြိုက်ဘူး။ ဒါပေသိ ဘုန်းဘုန်းတို့မှာ အခု လောလောဆယ် ရွေးစရာ လမ်း မရှိဘူး။ ဒါကြောင့် ဒီဘက် သွားနေရ၊ ဆိုလိုတာက ဥပမာပေးရရင် ငရဲပြည် သွားနေတာ၊ ဘယ်သူမှ မသွားချင်ဘူးလေ။ ဒါပေသိ ဒီထဲကနေပြီးတော့ တို့တိုင်းရင်းသားတွေအတွက် ဘယ်လို အခွင့်အရေး ရနိုင်မလဲ၊ ရလာနိုင်မလား၊ ဒီ အကျပ်အတည်းမှာ။ တို့ အဲဒါကို စောင့်ကြည့်ပြီးတော့၊ ဝင်ပြီးတော့ ပူးပေါင်းလိုက်တယ်ဆိုရင် အိုကေ၊ ဒါကတော့ သိပ် ပြဿနာ မရှိဘူး။

ပြည်သူလူထုအနေနဲ့ ဒါက ပြဿနာလို့ ပြောလို့ မရဘူး၊ မခေါ်တာက ပြဿနာ။ ခေါ်တာက ပြဿနာ မဟုတ်ဘူး၊ မခေါ်တာ ပြဿနာ။

တို့ကို ချန်ထားမယ်၊ မွန်ပဲဖြစ်ဖြစ်၊ ဒီတိုင်းရင်းသားတွေထဲမှာ တဖွဲ့ဖွဲ့က ကျန်သွားရင် ဒါ ပြဿနာ။ ခု ခေါ်တဲ့အတွက်ကြောင့် ပြဿနာ မဟုတ်သေးဘူးလို့ ဘုန်းဘုန်းတို့က မြင်တယ်ပေါ့။



မေး - တခြား ဖြည့်စွက်ပြီးတော့ မိန့်ကြားလိုတာများ ရှိရင် မိန့်ပါဘုရား။

ဆရာတော် - အဓိကက ဘုန်းဘုန်းတို့ မွန် ပြည်သူလူထုတွေပေါ့၊ အဓိကက မွန်ညီညွတ်ရေးပါတီကို ဝန်းရံထားတဲ့ အသင်းအဖွဲ့တွေပေါ့၊ ရဟန်းရှင်လူအားလုံး ဒီ အချိန်ကာလဟာ တို့ ညီညွတ်ရမယ့် ကာလ။ တို့ စိတ်ရှည်ရှည်ထားပြီးတော့ ဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ဖို့ပဲ။ ကိုယ့်အချင်းချင်းကိုယ် အငြင်းမပွားကြနဲ့ဦးလို့ ဘုန်းဘုန်း ဒါ မေတ္တာရပ်ခံချင်တာပါ။ အခြေအနေအပေါ်မှာ စောင့်ကြည့်ရသေးတယ်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...