အာဏာသိမ်းအစိုးရအဖွဲ့တွင် ပါဝင်သူကို ပါတီတာဝန်ကရပ်ဆိုင်းမည်ဟု KNDP သတိပေး

အာဏာသိမ်းအစိုးရအဖွဲ့တွင် ပါဝင်သူကို ပါတီတာဝန်ကရပ်ဆိုင်းမည်ဟု KNDP သတိပေး
by -
စောထွန်းလင်း (KIC)

ကရင်ပြည်နယ်အခြေစိုက်၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ကို နိုင်ငံတော်စီမံခန့်ခွဲမှုကောင်စီ၌ အစိုးရအဖွဲ့ဝင်တစ်နေရာပါဝင်ရန် ကမ်းလှမ်းထားပြီး ပါဝင်မည့်သူကို ပါတီတာဝန်များမှ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပါတီဥက္ကဌ မန်းအောင်ပြည်စိုးက ပြောသည်။

 

"ပြီးခဲ့ရက်ပိုင်းက ကမ်းလှမ်းလာပါတယ်။ ပြည်ထောင်စုအဆင့်လား ပြည်နယ်အဆင့်လားတော့မသိဘူး။ ပါတီထဲမှာ ပြန်ဆွေးနွေးတယ်။ ဖြစ်သင့်တာနဲ့ မဖြစ်သင့်တာနှစ်ခုကို ကျွန်တော်ချပြလိုက်တယ်။ အဖက်ဖက်ကစဉ်းစားပြီး တကယ်လို့ပါသွားရင် ပါတဲ့သူကို ပါတီတာဝန်က ရပ်ဆိုင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်" ဟု ၎င်းက ပြောသည်။

 

ယခုလို ကမ်းလှမ်းမှုကို ပါတီအနေဖြင့် ဆွေးနွေးရာတွင် ကေအဲန်ယူကွန်ဆန်းဂရုက ထုတ်ပြန်ထားချက်များ၊ ကရင်လူကြီးအချို့ပါဝင်မှုအပေါ် ကရင်လူငယ်များနှင့် ကရင်ပြည်သူများ၏ ဆိုးဝါးစွာဝေဖန်မှုများ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း အခြားတဖက်တွင်မှု အစိုးရအဖွဲ့တွင် တိုင်းသားများကိုနေရာပေးပြီး တစ်နှစ်ပြီးနောက် ရွေးကောက်ပွဲပြန်ကျင်းပမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ပြီးနောက် ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း KNDP ထံမှ သိရသည်။

 

KNDP သည် ပြည်နယ်အခြေစိုက်ပါတီ သုံးခုနှင့် ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီဝင်အချို့ ပေါင်းစည်းတည်ထောင်ထားသည့် ပါတီဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်၌ တစ်နေရာမှ အနိုင်မရသော်လည်း နေရာအများစုတွင် ဒုတိယ မဲအများဆုံးရသည့် ပါတီဖြစ်သည်။

 

ထို့အပြင် ရွေးကောက်ပွဲမတိုင်မှီ တပ်ချုပ်နှင့် သွားတွေ့သည့် ၃၄ ပါတီတွင် ပါဝင်ခဲ့သည့်အတွက် ထိုစဉ်က ဝေဖန်မှုများစွာ ကြုံတွေ့ခဲ့ရပြီး၊ ထိုသို့ ပါတီနာယကတဦး တပ်ချုပ်နှင့် သွားတွေ့ခြင်းသည် ပါတီ ဗဟိုအလုပ်မှုဆောင်သဘောထားမဟုတ်ကြောင်း ထိုစဉ်က ပါတီတာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...