နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တစ်နေရာကမ်းလှမ်းမှုကို မွန်ညီညွတ်ရေးပါတီ လက်ခံခဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တစ်နေရာကမ်းလှမ်းမှုကို မွန်ညီညွတ်ရေးပါတီ လက်ခံခဲ့
by -
စိုင်းထွန်းစံ (MNA)

လက်ရှိစစ်အစိုးရ ဖွဲ့စည်းလျက်ရှိသည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” တွင် ပါဝင်ရန်ကမ်းလှမ်းချက်ကို မွန်ညီညွတ်ရေးပါတီ (MUP) လက်ခံလိုက်ကြောင်း သိရသည်။

 

အဆိုပါကောင်စီတွင် ပါဝင်သင့်/မသင့်နှင့်ပတ်သက်၍ MUP အနေဖြင့် ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီ ၆ ရက်က ကျင်းပပြုလုပ်၍ မဲခွဲဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

 

ထို့ကြောင့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” တွင် ပါဝင်ရန် MUP အနေဖြင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာဗညားအောင်မိုးကို တာဝန်ပေးလိုက်ကြောင်း သိရသည်။

 

ယင်းသို့ ကောင်စီတွင် ပူးပေါင်းပါဝင်ရခြင်းက တိုင်းရင်းသားအခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်ရာတွင် သွေးထွက်သံယိုဖြစ်စေသည့် လမ်းကြောင်းအစား တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာသည့်လမ်းကြောင်းကို ပါတီက ရွေးချယ်ပေးခြင်းသာဖြစ်သည်ဟု ဆိုသည်။

 

တပ်မတော်ကဖွဲ့စည်းသည့်ကောင်စီတွင် ပါဝင်မည့် MUP မှ ဒေါက်တာဗညားအောင်မိုးက “စစ်အာဏာရှင်ဝါဒကို ဘယ်သူမှလည်း လက်မခံပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ နိုင်ငံရေးသမားတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ပါတီရဲ့ နိုင်ငံရေးမူဝါဒ၊ တိုင်းရင်းသားတွေမျှော်မှန်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို နိုင်ငံရေးစားပွဲဝိုင်းမှာ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာဖို့လိုအပ်တယ်လို့ မြင်တယ်။ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ ကျွန်တော်တို့ မွန်တိုင်းရင်းသားအပေါ် ထားရှိခဲ့တဲ့သဘောထား လုပ်ဆောင်ချက်တွေအပေါ် ကိုယ်တိုင်ခံစားကြုံံတွေ့ခဲ့ရတာကို ပြန်လည်သုံးသပ်ကြပြီးတော့ ပါတီက ခုလိုဆုံးဖြတ်ချက်ချရတာလည်းပါတယ်ဆိုတာ နားလည်သဘောပေါက်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

 

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ကရင်ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်အချို့ ပါဝင်ခဲ့သည်။

 

ဒေါက်တာဗညားအောင်မိုးက “အခုလိုမျိုးကမ်းလှမ်းချက်မျိုး ဘယ်အဖွဲ့အစည်းကမှ ဖိတ်ခေါ်ခဲ့တာမရှိခဲ့ဘူး။ ဒီကိစ္စအပေါ် အဖက်ဖက်ကနေ ထောင်စုံစဉ်းစားသုံးသပ်ကြပြီးတော့ လက်ခံလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကို ပါတီက ကတိပေးခဲ့တဲ့အတိုင်း ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေး စာပေယဉ်ကျေးရေးရာကိစ္စတွေ ဒေသဖွံ့ဖြိုးရေးအတွက် အခုလိုနေရာကို ကျွန်တော်တို့လက်ခံလိုက်တာပါ” ဟု ပြောသည်။

 

MUP သည် စစ်အာဏာသိမ်းမှုအပေါ် သီးသန့်ထုတ်ပြန်ထားခြင်းမရှိသော်လည်း တိုင်းရင်းသားငါးပါတီနှင့်အတူ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့တွင်လည်း ကြေညာချက် ပူးတွဲထုတ်ထားကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...