တပ်မတော်က ရွေးကောက်ပွဲပြန်လည်ကျင်းပလျှင် ANP ဝင်ရောက်ယှဉ်ပြိုင်မည်

တပ်မတော်က ရွေးကောက်ပွဲပြန်လည်ကျင်းပလျှင် ANP ဝင်ရောက်ယှဉ်ပြိုင်မည်
by -
မင်းထွန်း (DMG)

တပ်မတော်က ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဆိုပါက ရခိုင်အင်အားကြီးနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိဖြစ်ပွားနေကြသည့် အကျပ်အတည်းတွင် အငြင်းပွားမှုများစွာရှိသော်လည်း နိုင်ငံတော်အာဏာကို တပ်မတော်ကကိုင်တွယ်ပြီးလုပ်ဆောင်နေသည့်အတွက် အရှိကိုအရှိအတိုင်း လက်ခံရမည်ဖြစ်ကြောင်း AFP ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ဦးက ဆိုသည်။

“ရွေးကောက်ပွဲလုပ်မယ်မလုပ်ဘူးဆိုတာက ဝေးသေးတယ်။ ဒါပေမယ့် အဓိက မြို့နယ်များစွာ ရွေးကောက်ပွဲမလုပ်ဘဲကျန်ခဲ့တယ်၊ ပြည့်ပြည့်စုံစုံဖြစ်သွားဖို့လိုတယ်။ နောက် အငြင်းပွားမှုဖြစ်တာက တပ်ပိုင်း။ မြေပြင်မှာ အမှန်တကယ်သြဇာအာဏာသက်နေတဲ့ အစိုးရရဲ့ တစ်လှမ်းချင်းသွားတဲ့ခြေလှမ်းတွေကို အရှိအတိုင်းလက်ခံပြီးတော့ သုံးသပ်ပြီးလုပ်သွားဖို့လိုတယ်။ အဲတာဟာ အာဏာသိမ်းတာကို လက်ခံတယ်လို့ဆိုတာမဟုတ်ဘူး။ မြေပြင်မှာအမှန်တကယ်သြဇာအာဏာသက်နေတဲ့ အစိုးရဖြစ်သွားတဲ့အတွက် မလွဲမရှောင်သာ ပါဝင်ပတ်သတ်ရမယ့်အခြေအနေကို ဆိုလိုတာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ANP ပါတီကပြည်သူများသို့ အစီရင်ခံစာကို ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက်အမှတ် (၁/ ၂၀၂၁) တွင် ဖော်ပြခဲ့သည့် အချက်ခြောက်ချက်နှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းပြင် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့်ညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဆိုသည့်အချက်လည်း ပါဝင်ခဲ့ရာ ရခိုင်အမျိုးသားပါတီနှင့် ရခိုင်ပြည်သူတို့မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီးစီးသည်အထိဆိုလျှင် နိုင်ငံရေးကြားကာလ အကျပ်အတည်းတစ်ခုကို မလွဲမသွေရင်ဆိုင်ကြရမည်ဖြစ်ကြောင်း ANP ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဆိုရလျှင် ANP ပါတီအနေဖြင့် တပ်မတော်မှ ရွေးကောက်ပွဲကျင်းပလျှင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ထားခြင်းဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့်ပတ်သက်၍ လက်ရှိအခြေအနေတွင် ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း ယင်းပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ဆိုသည်။

အလားတူ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် ၎င်းတို့၏မိတ်ဖက် ရခိုင်နိုင်ငံရေးပါတီကြီးများမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဆိုလျှင် တပ်မတော်မှ ကျင်းပမည့်ရွေးကောက်ပွဲကို ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း ယင်းပါတီပြောရေးဆိုခွင့်ရှိသူ ဦးသန်းဌေးက ဆိုသည်။

“ကျွန်တော်တို့ပါတီက အဓိကရည်ရွယ်ချက်က ကိုယ်စားပြုပါဝင်ခြင်းဆိုတဲ့ကိစ္စရယ်၊ နောက် ကိုယ့်လူမျိုးစုတွေရဲ့ ရပ်တည်ရေးတွေကို အဓိက ရည်ရွယ်ပြီး ဖွဲ့ထားတာဖြစ်တယ်။ ဆိုတော့ ဒီနိုင်ငံရေးအခင်းအကျငး်ပေါ်မှာ ပြည်ထောင်စုအဆင့်အနေနဲ့စဉ်းစားရင် ကျနော်တို့ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ပြည်နယ်ရေးရာနဲ့ပတ်သက်လို့ တခြားမိတ်ဖက်ပါတီတွေက လက်ခံတယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ လက်မခံဘူးလို့ ပြောလို့မရဘူး လက်ခံရမှာဖြစ်တယ်” ဟု သူကပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...