အာဏာသိမ်းပြီးနောက် ရုပ်သံတချို့ရပ်နားခံရသဖြင့် တိုင်းရင်းသားဘာသာသတင်းအစီအစဉ်များကို Online မှတဆင့် ဆက်လက်ထုတ်လွှင့်ပြသရန် BNI စီစဉ်

အာဏာသိမ်းပြီးနောက် ရုပ်သံတချို့ရပ်နားခံရသဖြင့် တိုင်းရင်းသားဘာသာသတင်းအစီအစဉ်များကို Online မှတဆင့် ဆက်လက်ထုတ်လွှင့်ပြသရန် BNI စီစဉ်

ဒီဗီဘီရုပ်သံအစီအစဉ်တွင် ထုတ်လွှင့်နေသည့် အပါတ်စဉ် တိုင်းရင်းသားဘာသာသတင်းအစီအစဉ်များကို Online မှတဆင့် ဆက်လက် ထုတ်လွှင့်ပြသသွားမည်ဟု နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI) က ပြောသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် DVB ရုပ်သံသတင်းဌာန၏ နေ့စဉ်ထုတ်လွှင့်ပြသနေမှုများအား ပိတ်ထားသည့်အတွက် ယခုကဲ့သို့ Online မှ ထုတ်လွှင့်သွားရန် စီစဉ်လိုက်ရခြင်းဖြစ်သည်ဟု BNI ၏ မူဝါဒရေးရာဥက္ကဋ္ဌ နန်းဖော့ဂေ ကပြောသည်။

“အခုလက်ရှိက ကိုယ့်နိုင်ငံက ကိုယ့်နိုင်ငံထဲမှာလည်း လက်ရှိအစိုးရအပေါ်မှာ စစ်အာဏာသိမ်းလိုက်တဲ့အခါကြတော့ အဲ့လိုစစ်အစိုးရက တက်လာတယ်လေ။ တက်လာတဲ့အခါကြတော့ ဆက်သွယ်ရေးအပိုင်းတွေ အကုန်လုံး ဖြတ်တောက်တဲ့အပြင် ရုပ်သံတွေလည်းပဲ ဖြတ်တောက်လိုက်တဲ့အခါကြတော့ BNI အနေနဲ့ ELTV program အနေနဲ့ တင်ဆက်နေတဲ့ DVB လိုင်းပါ ပါသွားတယ်လေ။ အဲ့လိုအနေအထားမျိုးမှာ တိုင်းရင်းသားလူ ထုကို သတင်းတွေပြန်ပြီး ထုတ်လွှင့်ပေးတဲ့အချိန်မှာ Digital Online ကို ပြန်ပြီးအသုံးချပြီး လုပ်ဆောင်ရတဲ့သဘောမျိုးပေါ့နော်” ဟု ပြောသည်။

တပ်မတော်မှ အာဏာသိမ်းသည့်နေ့မှ စတင်၍ ထုတ်လွှင့်နေကြ ရုပ်သံအစီအစဉ်များ၊ ရုပ်သံလိုင်းများ ဖြတ်တောက်ခံလိုက်ရသည့်အတွက် အာဏာသိမ်းပြီးနောက် ဒုတိယနေ့မှစတင်၍ Digital Online ကိုအသုံးပြု၍ ပုံမှန်ထုတ်လွှင့်နေကြအစီအစဉ်များကို တင်ဆက်ပေးနေသည်ဟု BNI မှ တာဝန်ရှိသူများက ပြောသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်၍ BNI ၏ ဝက်ဆိုက်ဖြစ်သည့် https://www.bnionline.net/mm တွငသော်လည်းကောင်း၊ BNI ၏ Facebook စာမျက်နှာ https://www.facebook.com/BNItvandnews နှင့် YouTube Channel https://www.youtube.com/channel/UC8qx6_K2AmrTHR28EjTIgpw တို့တွင် ပုံမှန်အတိုင်း ပြန်လည်ထုတ်လွှင်ပေးနေသည်ဟု ပြောသည်။

“တိုင်းပြည်ရဲ့ အပြောင်းအလဲဖြစ်သွားတဲ့အနေအထားအပေါ်မှာ ဒီလိုမျိုး ရုပ်သံလိုင်းတွေကအစ အကုန်လုံးကို လုံးဝ ဖြတ်တောက်လိုက်တယ်ပေါ့နော်။ ဖြတ်တောက်လိုက်တယ်ဆိုတာကတော့ ဒီသတင်းဌာနတွေအနေနဲ့ ရုပ်သံလိုင်းတွေက ပြည်သူတွေကို နေ့ဓဓူဝ အသိပေးတဲ့ ပညာပေးတဲ့ကိစ္စတွေက လုံးဝရပ်ဆိုင်းသွားတဲ့ပုံစံမျိုး ဖြစ်သွားတာကို။ ဒါမျိုးတွေက အဲ့လိုဆက်ဖြစ်နေမယ်ဆိုလို့ရှိရင် အကြာကြီးဆက်ဖြစ်နေမယ်ဆိုရင် တိုင်းပြည်ထဲမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထုအတွက်ကို မျက်စိပိတ်နားပိတ်စေတဲ့ အနေအထားမျိုး ဖြစ်သွားတာပေါ့နော်” ဟု နန်းဖော့ဂေ ကဆက်ပြောသည်။

ယခုကဲ့သို့ ရုပ်သံသတင်းဌာနများ ထုတ်လွှင့်ခွင့် ဖြတ်တောက်ခံရခြင်းသည် ပြည်သူများအနေဖြင့် သတင်းအချက်အလက်ရပိုင်ခွင့်များ ဆုံးရှုံးသွားသည့်အတွက် အမြန်ဆုံး ပြန်ဖွင့်ပေးစေချင်သည်ဟု နန်းဖော့ဂေ ကပြောသည်။

“အရင့်အရင် ကုန်လွန်ခဲ့တဲ့ခေတ်ကို ရောက်သလိုမျိုးဖြစ်သွားတဲ့အခါကြတော့ ဒါက ရှေ့ဆက်သွားမယ့်တိုင်းပြည်အတွက် နိုင်ငံရေးအရ ရှေ့ဆက်သွားဖို့က စိန်ခေါ်မှု ကြီးကြီးဖြစ်သွားမယ်။ ပြည်သူလူထုတွေလည်း သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေ ရသင့်ရထိုက်တဲ့ ပညပေးအစီအစဉ်တွေ ပြတ်တောက်သွားမယ်ဆိုရင်တော့ ပြည်သူလူထုအတွက်လည်း စိုးရိမ်စရာဖြစ်တယ်။ ဒီအတွက်ကိုတော့ ပြန်ပြီးတော့ အကြာကြီးမဟုတ်ပဲ တစ်စုံတစ်ရာပြန်ပြီး ဖွင့်ပေးစေချင်တာပေါ့နော်”

Ethnic Language TV program ဟု ခေါ်သည့် တိုင်းရင်းသားဘာသာ ရုပ်သံအစီအစဉ်မှာ နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (BNI) ၏ အဖွဲ့ဝင်များကထုတ်လွှင့်ပြီး DVB ရုပ်သံသတင်းဌာနတွင် နေ့စဉ် ၁၃ မိနစ်စာ တင်ဆက်ပေးနေသည့် အစီအစဉ်ဖြစ်သည်။

တိုင်းရင်းသားဘာသာ ရုပ်သံအစီအစဉ်တွင် ကချင်ဘာသာကို KNG၊ ကယားဘာသာကို (ကန္တာရဝတီ တိုင်း (မ်))၊ ကရင်ဘာသာကို (ကရင်သတင်းစဉ်)၊ ချင်းဘာသာကို (ခိုနူမ်းသုန် နဲ့ ချင်းဝေါလ်)၊ မွန်ဘာသာကို (မွန်သတင်းအေဂျင်စီ)၊ ဗမာဘာသာကို (သတင်းနှင့်မီဒီယာကွန်ရက်)၊ ရခိုင်ဘာသာကို (နေရဉ္စရာ) နှင့် ရှမ်းဘာသာကို (သျှမ်းသံတော်ဆင့်) သတင်းဌာနများက သူ့ရက်အလိုက် အပတ်စဉ် တိုင်းရင်းသား ဘာသာစကားပြော၊ မြန်မာစာတန်းထိုးဖြင့် တင်ဆက်ပေးနေခြင်းဖြစ်သည်။

တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ်ကို မိခင်ဘာသာစကားဖြင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးသတင်းများနှင့် ဒေသအတွင်းသတင်းများကို လက်လှမ်းမီသလောက် တင်ဆက်ပေးနေပြီး အမျိုးသမီးနှင့် လူငယ်ကဏ္ဍများကိုလည်း တင်ဆက်ပေးနေသည့် အစီအစဉ်ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...