အာဏာရှင်ကို ထိရောက်စွာတွန်းလှန်ရေး ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ တစ်စုတစ်စည်းတည်း ပြန်လည်ပူးပေါင်းရန် KUN Concerned Group က တိုက်တွန်း

အာဏာရှင်ကို ထိရောက်စွာတွန်းလှန်ရေး ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ တစ်စုတစ်စည်းတည်း ပြန်လည်ပူးပေါင်းရန် KUN Concerned Group က တိုက်တွန်း

စစ်အာဏာရှင်စနစ်ကို ထိထိရောက်ရောက်တွန်းလှန်နိုင်ရန်နှင့် KNU က ထိန်းချုပ်ထားသည့်နယ်မြေများကို ကာကွယ်ရန် အခြားသော ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် KNLA နှင့် တစ်စုတစ်စည်းတည်း ပြန်လည်ပူးပေါင်းရန် KUN Concerned Group က တိုက်တွန်းတောင်းဆိုလိုက်သည်။

ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်း အခြေအနေများကြောင့် တစ်စုတစ်စည်းတည်း ပြန်လည်ပေါင်းစည်းရန် လိုအပ်သည့်အတွက် တိုက်တွန်းတောင်းဆိုရခြင်းဖြစ်သည်ဟု KUN Concerned Group က ပြောရေးဆိုခွင့်ရှိသူ ကရင်အမျိုးသားအစည်းအရုံး KNU ဒု-ဥက္ကဋ္ဌ (ဟောင်း) ပဒိုနော်စီဖိုးရာစိန် က ပြောသည်။

“အခုအချိန်မှာကတော့ ကျွန်မတို့ အထူးသဖြင့်ပေါ့ ကရင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရယ်၊ အရင်က ကျွန်မတို့ အုပ်ချုပ်ရေးနယ်မြေကို ကျွန်မတို့ချထားတဲ့ ကော်သူးလေနယ်မြေကို ကျွန်မတို့ ကာကွယ်ပြီးဖို့၊ ကာကွယ်ပြီးတော့ အုပ်ချုပ်ရေးစနစ်ကိုလည်း ကျွန်မတို့ ဆက်လက်ပြီးတော့ ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်နေတယ်။ အဲဒါကြောင့် ကျွန်မတို့ ဖော်ပြတာဖြစ်တယ်။ အဲဒါကြောင့် ကျွန်မတို့ ကရင်လက် နက်ကိုင် အဖွဲ့အစည်းအသီးသီးအတွက် ဒါက အရေးကြီးတဲ့ အချိန်အခါဖြစ်တယ်။ ပြည်သူလူထုကိုနဲ့ ကျွန်မတို့ အုပ်ချုပ်ရေးနယ်မြေကို၊ အုပ်ချုပ်ရေးစနစ်တွေကို ကာကွယ်နိုင်ဖို့အတွက်ပေါ့။ အဲဒါ KNLA နဲ့ ပြန်လည်ပူးပေါင်းဖို့ အဲဒါကလည်း ကျွန်မတို့ တောင်းဆိုတာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ကရင်အမျိုးသားဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ ကရင်နယ်ခြားစောင့်တပ် BGF တို့ကို KNU/KNLA နှင့် ပြန်လည်ပူးပေါင်းရန် KNU Concerned Group က တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၃ ရက်က KNU Concerned Group ၏ ထုတ်ပြန်ချက်ထဲတွင် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော DKBA KNU/KNLA PC BGF စသည်တို့သည်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်း၍ ကော်သူးလေတပ်မတော်တစ်ရပ် အနေဖြင့် ကရင်အမျိုးသားများနှင့်အတူ တိုင်းရင်းသားပြည်သူလူထုများအား ကာကွယ်စောင့်ရှောက်သွားရန်နှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD အစိုးရထံမှ တပ်မတော်က အာဏာသိမ်းယူလိုက်သည့်အပေါ် ပြင်းထန်စွာ ရှုံ့ချကန့်ကွက်သည်ဟု ထည့်သွင်းထားသည်။

ထို့အတူ တပ်မတော်မှ ယခုကဲ့သို့ စစ်အာဏာသိမ်း၍ ဖွဲ့စည်းလိုက်သည့် အုပ်ချုပ်ရေးလုပ်ငန်းများကို မိမိတို့ KNU Concerned Group မှ လုံးဝလက်မခံကြောင်းနှင့် ကရင့်တော်လှန်ရေးနယ်မြေအတွင်း မိမိတို့ KNU ကရင်အမျိုးသားအစည်းအရုံးမှ ချမှတ်ခဲ့သည့် ကော်သူးလေ အုပ်ချုပ်ရေးစနစ်နှင့်အညီ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံ၍ ဆောင်ရွက်ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ပါသည်ဟု KNU Concerned Group ထုတ်ပြန်ချက် ဆိုသည်။

“KNU နယ်မြေမှာရှိနေတဲ့ တပ်မဟာ ၇ ခုရှိတာပေါ့ တပ်မဟာ ၇ ခု ခရိုင် ၇ ခုမှာ တစ်ချို့က တပ်မဟာ ၄ မှာဆိုရင် တနင်္သာရီတိုင်းမှာ ရှိနေတာပေါ့လေ ဒါပေမယ့် ကရင်အများစုနေထိုင်တဲ့ ဒေသတွေဖြစ်တယ်။ တပ်မဟာ ၃ မှာ ဆိုရင်လည်း တကယ်ကြည့်မယ်ဆိုရင်လည်း အရင်က အစိုးရက လုပ်ခဲ့တာတော့ ဒါက ပဲခူးတိုင်းဒေသဖြစ်တယ် ဒါပေမယ့် ကျမတို့ KNU အုပ်ချုပ်ရေးစနစ်ကို ဖော်ပြတာကတော့ ဒါကတော့ ကျမတို့ KNU အုပ်ချုပ်မှုအောက်မှာရှိတယ် ကျမတို့ပြောတာ KNU အုပ်ချုပ်မှုက ကော်သူလေးအုပ်ချုပ်မှုအောက်မှာရှိတယ် အဲဒါ တပ်မဟာအသီးသီးတွေက ကရင်ပြည်နယ် တစ်ခုတည်းမဟုတ်ပေမယ့် ဒါကတော့ ကျမတို့ အုပ်ချုပ်ရေးစနစ်ကို KNLA က ချထားတာဖြစ်တယ်။ ကော်သူးလေ အုပ်ချုပ်မှုစနစ်ပေါ့ ဒါကို ကျမတို့ ပြောချင်တာဖြစ်တယ်။ အဲဒါကြောင့် ဒါကိုလည်း အရင်က အုပ်ချုပ်မှုစနစ်ကို ဒါကိုပြန်ပြီးတော့ ကျမတို့ ဒါကိုထိန်းသိမ်းဖို့ အဲဒါ ကျမတို့ပြောတာဖြစ်တယ်” ဟု ပဒိုနော်စီဖိုးရာစိန်က ပြောသည်။

ထို့အပြင် တပ်မတော်မှ စစ်အာဏာသိမ်းသည့် စစ်အစိုးရအား နိုင်ငံတကာအသိုင်းအဝိုင်းများမှ အသိအမှတ်မပြုပါရန် KNU Concerned Group အလေးအနက် တိုက်တွန်းထားသည်။

ပဒိုနော်စီဖိုးရာစိန်က “နောက်တစ်ချက်ကတော့ ကျမတို့ လက်ရှိ အာဏာရှင်ပေါ့နော စစ်အာဏာရှင်က စစ်အာဏာသိမ်းပြီးတော့ သူတို့ ဖွဲ့ထားတဲ့ အစိုးရ လုပ်ဆောင်ချက်အားလုံးကတော့ ဒါက ကျမတို့ တရားဝင်မှုမဟုတ်ဘူး။ အဲဒါကတော့ ပြည်သူလူထုတွေအားလုံး ဒါကိုဆန့်ကျင်ပြီးတော့ ကာကွယ်ဖို့ ဒါကို ကျမတို့ တောင်းဆိုတာဖြစ်တယ်။ ကျမတို့လည်း ပြည်သူလူထုနဲ့ ရပ်တည်ပြီးတော့မှ အာဏာရှင်စနစ်တွေကို အဲဒါ အားလုံးဆန့်ကျင်ကန့်ကွက်ဖို့ တစ်ခုပြီးတော့ နောက်တစ်ခုကတော့ နိုင်ငံတကာတွေက လက်ရှိမြန်မာပြည်ရဲ့ အာဏာသိမ်းပြီးတော့ ဖွဲ့ထားတဲ့ အစိုးရတွေကို ဒါကို တရားဝင်မှုမဟုတ်ဘူး အဲဒါကြောင့် လက်မခံပြီးတော့ ဒါကို တရားဝင်မှုအနေနဲ့ လက်ခံဖို့မလုပ်ရန် အဲဒါကျမတို့ ဒါကိုလည်း တောင်းဆိုတာဖြစ်တယ်” ဟုပြောသည်။

NLD ပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသော်လည်း အပြုသဘောဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်နိုင်ရေးအတွက် ၂၀၁၂ ခုနှစ်မှစ၍ ရွေးကောက်ပွဲဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်လည်း အပြတ်အသတ်အနိုင်ရခဲ့ကာ လွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း တွေ့ရသည်ဟု ပဒိုနော်စီဖိုးရာစိန်က ပြောသည်။

ထို့နည်းအတူ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများမှလည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA အပေါ် အခြေခံ၍ နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော်အတွင်း၌လည်းကောင်း NCA စာချုပ်ကို အခြေခံ၍သော်လည်းကောင်း ပြင်ဆင်၍ လုံးဝမရနိုင်ကြောင်းကို သက်သေပြနေပြီဖြစ်ကြောင်း KNU Concerned Group ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇွန်လပိုင်းတွင် KNU Concerned Group ကို ကေအဲန်ယူ ဒု-ဥက္ကဋ္ဌ ဟောင်း ပဒိုနော်စီဖိုးရာစိန် ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်သော ၎င်းတို့၏ စိုးရိမ်ချက်များ၊ ရပ်တည်ချက်များကို နိုင်ငံရေးအခြေအနေအပေါ်မူတည်၍ သဘောထားထုတ်ပြန်မှုများ ပြုလုပ်သည့်အဖွဲ့ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...