မြန်မာ့တပ်မတော်မှ နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီ (၁) ရက် သိမ်းစဉ် ထိန်းသိမ်းခံရသူများအနက် ချင်းပြည်နယ် ဝန်ကြီးချူပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးအများစု ပြန်လည်လွတ်မြောက်လာသော်လည်း ဝန်ကြီးနှစ်ဦးနှင့် လွှတ်တော်ဥက္ကဌ၊ ဒု-ဥက္ကဌတို့ကို ထိန်းသိမ်းထားဆဲဟု သိရသည်။
ချင်းပြည်နယ်တွင် တပ်မတော်မှ ယနေ့ချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားသည့် ပုဂ္ဂိုလ်များမှာ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအား၊ ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့နှင့် ဒုတိယလွှတ်တော်ဥက္ကဌ ဦးတိတ်ထန်းတို့ဖြစ်ကြသည်။
ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်က “အိမ်မရောက်သေးတာရှိတယ်။ ဦးစိုးထက်နှင့် ဦးဖွေအား တပ်ကုန်းမှာပဲထင်တယ်။ ကျွန်တော်ကတော့ အိမ်ရောက်ပြီ ညမအိပ်ဘူး။ ကျွန်တော်ကတော့ ညမအိပ်ပါဘူး။ အဲဒီနေ့ညနေမှာပဲ အိမ်ပြန်ရောက်ပါတယ်။ ဝန်ကြီးချုပ်လည်းမနေ့က အိမ်ပြန်ရောက်ပြီ။ အခု အိမ်ကတော့ တစ်လုံးခြင်းစောင့်ထားတာတော့ မဟုတ်ဘူး။ ဝန်းကိုပိတ်ထားတယ်။ အိမ်ယာအဝင်/အထွက်ပိတ်ထားတာပဲရှိတယ်။ ကိုယ့်အိမ်မှာတော့ လွတ်လွတ်လပ်လပ်ပဲနေလို့ရတယ်။ လုပ်စရာရှိတာ လုပ်လို့ရတယ်။ ဒီတစ်ခေါက်ကတော့ အံ့သြစရာကောင်းတယ်။ အားလုံးက ချိုချိုသာသာပဲ ပုံမှန်လေးပဲဆက်ဆံတယ်။ ဟိုမှာလည်း မေးမြန်းတာ ဘာညာမရှိဘူး။ သူတို့ရဲ့စီမံချက် ဘာကြောင့်လုပ်တာလဲဆိုတာ အဲဒါပဲရှင်းပြတယ်” ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်က ပြောသည်။
ယခုလက်ရှိတွင် ၎င်းတို့ကို ဝန်ကြီးအိမ်ယာနေအိမ်အတွင်း အကျယ်ချူပ်သဘောဖြင့်ထားရှိကာ အဝင်/အထွက်ဂိတ်ကို တပ်မတော်က လုံခြုံရေးစောင့်ကြပ်ထားသည်ဟု သိရသည်။
လက်ရှိဖြစ်ပျက်နေသည့် အခြေအနေနှင့်ပတ်သက်၍ ဝန်ကြီး ဦးပေါင်လွန်မင်ထန်က “သူတို့က ရွေးကောက်ပွဲရလဒ်အပေါ်မှာ မကျေနပ်တာ သုံးကြိမ်တိုင်တိုင် တင်ပြပြီးတော့ မဖြေရှင်းဘူး။ မလုပ်ဘူး။ အဲဒီကိစ္စတွေကြောင့် ဒီအခြေအနေဖြစ်သွားတာပေါ့။ အဲဒီတစ်ခုပဲ သူတို့ပြောပါတယ်။ အမှန်ကတော့ ကျွန်တော့်အမြင်မှာတော့ ညှိုနှိုင်းလို့ရတဲ့ဟာမျိုး ညှိုနှိုင်းဖြေရှင်းပြီးတော့ ဒီရွေးကောက်ပွဲက error ရှိရင်လည်း ဘယ်မှာရှိလဲ ကျွန်တော််တို့ သိသလောက်တော့ တနိုင်ငံလုံးကိုတော့ မသိပါဘူး။ ကိုယ့်ဒေသအချင်းချင်းမှာတော့ အဲလောက်ကြီးတော့ ဘာမှမရှိဘူး။ ဒါပေမဲ့ သူတို့ထောက်ပြတဲ့နေရာလေးတွေ ဆွေးနွေးညိုနှိုင်းသင့်တယ်။ အခုက ဒီလိုဖြစ်လာတော့ သိပ်တော့မကောင်းဘူး။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းရင်းသားပါတီ လူအနည်းစုတွေနဲ့တော့ ပိုပြီးတော့ ဒုက္ခရောက်တာပေါ့။ နိုင်ငံတော်ကလည်း ဒီလိုသွားမယ်ဆိုရင် အနည်းအကျဉ်းလေးတော့ ဒုက္ခရောက်မှာပဲ စီးပွားရေးအရ လူမှုရေးအရ ပညာရေး ကျန်းမာရေး ထိခိုက်မှုရှိလာမှာပဲ။ အဲဒါကြောင့် ဒီလိုမဖြစ်အောင်တော့ ကျွန်တော်တို့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သင့်တယ်လို့ ပြောချင်တယ်” ဟု ပြောသည်။
ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြေညာစာအမှတ် ၁/၂၀၂၁ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပြောင်းခဲ့သည်။
တပ်မတော်က အာဏာလွှဲပြောင်းမရယူခင် မနက်အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီ ဗဟိုကော်မတီများနှင့် နိုင်ငံရေးသမားအချို့ကို ဖမ်းဆီးခဲ့ပြီး အချို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။