တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်၊ အာဏာသိမ်းခြင်းနှင့်အတူ ဖမ်းဆီးသွားခဲ့သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ ပြန်လည်လွတ်မြောက်လာသော်လည်း ဖေဖော်ဝါရီ ၂ ရက် နေ့လယ်ပိုင်းအထိ ဝန်ကြီးနှစ်ဦး ပြန်လည်လွတ်မြောက်လာခြင်းမရှိကြောင်း စုံးစမ်းသိရသည်။
ဖမ်းဆီးခံရသည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) မနက် ၁၁ နာရီချိန်ခန့်တွင် ပြန်လည်လွတ်မြောက်လာပြီး ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်တို့ ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း NLD ပါတီမှ သိရသည်။
ဆက်လက်ထိန်းသိမ်းခံထားရသော ဝန်ကြီးနှစ်ဦးမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် နှင့် ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းရှန်တစ်လုံတို့ဖြစ်ကြောင်း သိရသည်။
တပ်မတော်မှ အရေးပေါ်အခြေအနေကြေညာကာ နိုင်ငံတော်တာဝန်ကို တစ်နှစ်လွှဲပြောင်းရယူသည့်ကြေငြာချက် ထွက်လာပြီးနောက်ပိုင်း ရှမ်းတောင်ရှိ NLD ပါတီမှ ကိုယ်စားပြုဝင်ပြိုင်သော လွတ်တော်ကိုယ်စားလှယ်များ၊ ပါတီ၏ မြို့နယ်အလုပ်အမှုဆောင်တစ်ချို့ကို တပ်က ခေါ်ယူထိန်းသိမ်းခြင်းများပြုလုပ်ခဲ့ပြီး အများစု ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။