ရခိုင်ပြည်နယ်၊ မင်းပြားမြို့၏အနောက်ဘက်တောင်တွင်ရှိသည့် ကျိန်းတောင်စေတီတွင် တပ်စွဲထားမှုကို ဖယ်ရှားရန်ကြိုးပမ်းနေကြောင်း မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။
အဆိုပါ ဘုရားတွင် တပ်စွဲထားမှုကို စေတီဂေါပကအပါအဝင် ဒေသခံများ အရပ်ဖက်အဖွဲ့အစည်းများက တပ်မ နှင့် သက်ဆိုင်ရာတို့ကိုစာတင်ထားသည်ဟု ဆိုသည်။
“ကျိန်းတောင်စေတီပေါ်မှာ တပ်မတော်သားတွေတပ်စွဲထားတာ အတော်ကြာပါပီ။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အစပိုင်း လောက်ကနေနေရာယူထားတာပါ။ အခုချိန်ထိ ဘုရားကောပကလည်းမတတ်ရ၊ ဘုရားဖူးတွေကလည်း တက်လို့ မရဖြစ်နေပါတယ်။ အဲဒါကို မြို့ခံသားတွေ၊ ဘုရားကောပကတွေနဲ့ပေါင်းပြီး စာပို့တားတာလည်းရှိပါတယ်။ အခုချိန်ထိတော့ တစုံတရာ အကြောင်းပြန်တာလည်းမရှိသေးဘူး။ စစ်သားတွေကလည်း ဘုရားတောင် ပေါ်မှာရှိနေတုန်းပဲ” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် တိုက်ပွဲဖြစ်နေသည့်နေကာလတွင် ကျင်းပသည့် အရေးပေါ်အစည်း အဝေးတွင်အရေးကြီးအဆိုအဖြစ်တင်သွင်းခဲ့ဖူးကြောင်း ပြောသည်။
“အဆိုတင်ခဲ့တာတော့ ၂၀၁၉ ခုနှစ် တိုက်ပွဲဖြစ်ပွားနေတုန်းက အရေးပေါ်အစည်းအဝေးမှာ အဆိုအဖြစ်တင် သွင်းခဲ့တာပါ။ ဘုရားပါရဝုဏ်အတွင်း၊ သာသနိကအဆောက်အဦတို့မှာ တပ်မစွဲထားဖို့ဟာတွေကို အရေးတကြီးအဆိုအဖြစ် ကျွန်တော်ကိုယ်တိုင်တင်ခဲ့တာပါ။ အဲဒီအဆိုလည်း အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အစိုးရဖက်ကတော့ တစုံတရာ လုပ်ဆောင်ပေးနေတာမရှိဘူး” ဟု ၎င်းကပြောသည်။
တပ်မတော် အနေဖြင့်ကျိန်းတောင်စေတီတွင်တပ်စွဲထားမှုအပြင် မြောက်ဦးမြို့နယ်၊ သကျိတ္တောင်စေတီတောင်နှင့် ရသေ့တောင်မြို့နယ်၊ သုံးဆယ့်တစ်ဘုံစေတီတောင်ပေါ်တို့တွင် လက်ရှိအချိန်ထိ တပ်စွဲထားမှုများရှိနေကြောင်း သိရသည်။
ထိုသို့ ဘုရားပရဝုဏ်များနှင့် သာသနိကအဆောက်အဦးများတွင် တပ်စွဲထားမှုမှာ သာသနိကအဆောက်အဦးများ ပျက်စီးမှုများရှိသလို ဘုရားဖူးဧသည့်များအတွက်လည်း များစွာအနောက်အယှက်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။