ငါးနှစ်တာကာလ တာဝန်ကျေခဲ့ကြောင်း ဝန်ကြီးချုပ်မှ လွှတ်တော်ကိုယ်စားလှယ်အထိ လက်မထောင်၍ပြောရဲသူ မရှိဟု ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌပြော

ငါးနှစ်တာကာလ တာဝန်ကျေခဲ့ကြောင်း ဝန်ကြီးချုပ်မှ လွှတ်တော်ကိုယ်စားလှယ်အထိ လက်မထောင်၍ပြောရဲသူ မရှိဟု ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌပြော
by -
ကောင်းကျော်နိုင်

ငါးနှစ်တာကာလ တာဝန်ကျေခဲ့ကြောင်း ဝန်ကြီးချုပ်မှ လွှတ်တော်ကိုယ်စားလှယ်အထိ လက်မထောင်၍ပြောရဲသူ မရှိဟု ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ပြောသည်။

“ကျွန်တော်ဆိုရင် တစ်လကိုသိန်း (၃၀) ရပြီး လွှတ်တော်ကိုစားလှယ်တွေဆိုရင် ငါးသိန်း၊ ဝန်ကြီးတွေဆိုရင် သိန်း ၂၀၊ ဝန်ကြီးချုပ်ဆိုရင် သိန်း ၃၀ အသီးသီး ကျွန်တော်တို့ ခံစားထားရပြီးဖြစ်ပါတယ်။ မကြာမီ ကျွန်တော်တို့ ဒီနေရာကိုစွန့်ခွာရတော့မယ်။ သို့သော် ကျွန်တော်တို့ တာဝန်ကျေခဲ့ကြပါသလား။ စဉ်းစားဖို့လိုပါတယ်။ ဘယ်သူမှ တာဝန်ကျေခဲ့ပါတယ်လို့ လက်မထောင်ပြီး ဒီအစည်းအဝေးခမ်းမထဲမှာ ပြောရဲတဲ့လူမရှိပါဘူး”ဟု လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ပြောသည်။

ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် ၎င်းက နောက်ဆုံးနှုတ်ခွန်းဆက်စကားပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ထို့ကြောင့် မိမိတို့၏ တာဝန်မကျေမှုများကို အကြွေးဆပ်သည့်အနေဖြင့် ချီးမြှင့်ငွေမရသော၊ ထောက်ပံ့ငွေမရသော နိုင်ငံရေးလုပ်ငန်းများတွင် ဆက်လက်ပါဝင်ကြရန် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက တိုက်တွန်းပြောကြားခဲ့သည်။

“ဒါကြောင့် ကျွန်တော်တို့ဟာ မိမိတို့ရဲ့ တာဝန်မကျေမှုကို အကြွေးဆပ်တဲ့အနေနဲ့ ချီးမြင့်ငွေမရတဲ့ ထောက်ပံ့ကြေးငွေမရတဲ့ နိုင်ငံရေးလုပ်ငန်းတွေမှာ ဆက်လက်ပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းပါတယ်။ ရခိုင်ပြည်နယ်၊ ငြိမ်းချမ်းပါစေ။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ထွန်းပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အားလုံး သာလီစွပါ” ဟု ဥက္ကဌက ပြောသည်။

လက်ရှိ ဒုတိယအကြိမ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၄၇ ဦးရှိသော်လည်း လာမည့် တတိယအကြိမ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးသာရှိမည်ဖြစ်သဖြင့် ၄၇ ဦး၏တာဝန်များကို ၂၀ ဦးက လုပ်ဆောင်ရမည်ဖြစ်သော်လည်း လူလတ်ပိုင်းများသည့်အတွက် ယခုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဦးစံကျော်လှက သုံးသပ်ပြောကြားခဲ့သည်။

“အခုကျွန်တော်တို့ တာဝန်ထမ်းဆောင်နေတဲ့ကာလမှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၄၇ ဦးရှိပါတယ်။ ကျွန်တော်တို့ရဲ့ ၄၇ ယောက်တာဝန်ကို လာမယ့်လွှတ်တော်ကိုယ်စားလှယ်တော်၂၀ ဦးက ထမ်းဆောင်ရမှာဖြစ်ပါတယ်။ အဲဒီရွေးကောက်ခံကိုယ်စားလှယ် ၁၅ ယောက်ထဲမှာ အသက် ၆၀ ကျော်က နှစ်ဦးပါဝင်ပါတယ်။ အသက် ၄၀ အောက်က သုံးဦးပါဘာတယ်။ ၄၀ ကျော်၊ ၅၀ ကျော်က ၁၀ ဦးပါတယ်။ အဲဒီလွှတ်တော်ကိုယ်စားလှယ် ၁၅ ယောက်ရဲ့ ပျဉ်းမျှအသက်ကိုကြည့်လိုက်ရင် ပျဉ်းမျှအသက်က ၄၈ ဖြစ်တဲ့အတွက် လူလတ်ပိုင်းတွေများတဲ့ လွှတ်တော်တစ်ရပ်လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလူလတ်ပိုင်းတွေများတဲ့ ဖြစ်ပေါ်လာမယ့်လွှတ်တော်ဟာ အခုကျနော်တို့ထက် တာဝန်ထမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ထမ်းဆောင်နိုင်ပါစေလို့လည်း ဆုတောင်းပါတယ်” ဟု ၎င်းကပြောသည်။

ငါးနှစ်တာကာလအတွင်း ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရတို့ကြား အပြန်အလှန်ထိန်းကျောင်းမှုနှင့်ပတ်သက်၍ အခက်အခဲများရှိခဲ့ပြီး ပွတ်တိုက်မှုများရှိခဲ့သော်လည်း ပြည်နယ်လွှတ်တော်အနေဖြင့် ဥပဒေအရ မဖြစ်မနေလုပ်ခဲ့ရခြင်းဖြစ်သည်ဟု လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့တာဝန်ဟာ ဥပဒေပြုရေး၊ ကိုယ်စားပြုရေး၊ ထမ်းကျောင်းရေးတို့ ဖြစ်ပါတယ်။ အပြန်အလှန်ထိမ်းကျောင်းမှုနှင့်ပတ်သက်လို့ အခက်အခဲတွေတော်တော်များရှိခဲ့ကြပါတယ်။ အထူး သဖြင့် အစိုးရပိုင်းနှင့် လွှတ်တော်ဆက်ဆံရေးမှာပါ။ရခိုင်ပြည်နယ်လွှတ်တော်နှင့် ရခိုင်ပြည်နယ်အစိုးရဟာ ပွတ်တိုက်မှု တွေရှိခဲ့ကြပါတယ်။သို့သော် အစိုးရနဲ့ လွှတ်တော်ဆိုတာဟာလည်း အမြဲတမ်း သဟဇာတကျနေလို့ မဖြစ်ဘူး။ ပွတ်တိုက်မှုတွေရှိမယ်။ ပြောကြဆိုကြရမယ်။ ထောက်ပြရမယ်။ တစ်ဘက်ကိုတစ်ဘက်အပြန်အလှန် ထိမ်းကျောင်းကြရပါတယ်။အဲလိုပွတ်တိုက်မှုတွေကြောင့်လည်းပဲ စွပ်ဆွဲအပြစ်တင်တွေ ကွာဟချက်ဖြတ်တောက်တာတွေ၊ ဖြစ်ခဲ့ကြပါတယ်။ ဒါတွေဟာ ဥပဒေဘောင်အရ မဖြစ်လို့ ရခိုင်ပြည်နယ်လွှတ်တော်က လုပ်ခဲ့ရခြင်းဖြစ်ပါတယ်” ဟု ဦးစံကျော်လှက ပြောသည်။

ဒုတိယအကြိမ် (၁၅) ကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကို ဇန်နဝါရီ ၁၁ ရက်မှစ၍ ဇန်နဝါရီ ၁၉ ရက်အထိ ကိုးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး အဆို သုံးခု၊ ဥပဒေကြမ်း နှစ်ခု အတည်ပြုနိုင်ခဲ့ပြီး မေးခွန်းခု နစ်ခု ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...