ရွေးကောက်ပွဲအပြီး နှစ်လကျော်ကာလအထိ ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲများမဖြစ်ပွားသော်လည်း တပ်ချင်းဆိုင်ထားဟု နယ်စပ်ရေးလုံခြုံရေးဝန်ကြီးပြော

ရွေးကောက်ပွဲအပြီး နှစ်လကျော်ကာလအထိ ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲများမဖြစ်ပွားသော်လည်း တပ်ချင်းဆိုင်ထားဟု နယ်စပ်ရေးလုံခြုံရေးဝန်ကြီးပြော
by -
ကောင်းကျော်နိုင်
 

ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီး နှစ်လကျော်ကာလအထိ ရခိုင်လက်နက်ကိုင်နှင့် တိုက်ပွဲများမဖြစ်ပွားသော်လည်း နှစ်ဖက်ဆုတ်ခွာခြင်းမရှိဘဲ တပ်ချင်းဆိုင်ထားကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက် စတုတ္ထနေ့အစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာတပ်မတော်နှင့် ရခိုင်တပ်မတော်တို့အနေဖြင့် ပစ်ခတ်မှုများမဖြစ်ပွားသော်လည်း ရခိုင်ပြည်နယ်တွင် နှစ်ဖက်အဖွဲ့များအနေဖြင့် ဆုတ်ခွာခြင်းမရှိဘဲ မိမိတို့နေရာတွင်ဆိုင်သည့်အနေအထားဖြင့် ရှိနေခြင်းဖြစ်သည်ဟု ဆိုသည်။

“တပ်နေရာယူထားတဲ့နေရာနဲ့ ကိုက် ၅၀၀ အကွာတွေကို မိုင်းရှင်းပေးဖို့ လယ်တွေ၊ ယာတွေ ပြန်ဖွင့် ပေးဖို့ပေါ့လေ။ တင်ပြသွားတာတွေ့ရပါတယ်။ ဒီနေရာလေးမှာ ကျွန်တော် တင်ပြချင်တာကတော့ နှစ်ဖက်ပေါ့။ နှစ်ဖက်က အခုဆိုင်ထားတဲ့အနေပဲရှိသေးတယ်။ တကယ်တော့ခွာမသွားသေးဘူး။ ဥပမာ ကမ်းထောင်းကြီးဖက် ဒလက်ချောင်းပေါ့နော်။ ဒလက်ချောင်းဖျားဆိုလို့ရှိရင် ဆိုင်ထားတယ်။ ပစ်သာမပစ်တော့တာ ဆိုင်ထားတယ်။ ရသေ့တောင်ဘက်လည်း ဒီလိုပဲ၊ မြောက်ဦးအရှေ့ဘက်ကကုန်းတွေမှာလည်း အဲလိုပဲ။ ပြောရရင်တော့ မပြီးသေးတာပေါ့နော်။ တစ်ဖက်နဲ့တစ်ဘက်က ဆုတ်သွားမှ တပ်တွေနေရာချထားရေးအစီအစဉ်ပေါ့” ဟု ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။

ရသေ့တောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်၏ ရခိုင်ပြည်နယ်၊ မြို့နယ်အသီးသီးသို့ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးဒုက္ခသည်များ ကိုယ့်ဒေသ (ကိုယ့်ရပ်ရွာ) သို့ လုံခြုံအေးချမ်းစွာဖြင့် ပြန်လည်သွားရောက်နေထိုင်နိုင်ရေးအတွက် ပိုမိုထိရောက်သော အကူအညီများ ပေးသင့်ကြောင့် အဆိုအား ထောက်ခံနွေးဆွေးမှုတွင် ၎င်းက ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

ဆက်လက်၍ မိုင်းရှင်းလင်းရေးနှင့်ပတ်သက်ပြီး တပ်မတော်ဘက်မှ ထောင်ထားခဲ့မှုများရှိသည့်မိုင်းများကို နှစ်ဘက်သဘောတူစာချုပ်များအပြီးတွင် ရှင်းလင်းလုပ်ဆောင်သွားဖို့ အသင့်ရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ NCA ပေါ့။ NCA မှာပါတဲ့ တစ်စိတ်တပိုင်းပြောချင်တာပါနော်။  တပ်နေရာချထားမှုအပိုင်းလေးပေါ့။ အဲဒီဟာလိုမျိုးလေးတွေ ဖြစ်မြောက်ပြီ သဘောတူပြီ အကရီးဖြစ်ပြီးဆိုလို့ရှိရင် ကျနော်တို့က တပ်ဖက်ကတော့ သေချာတယ်။ တပ်မိုင်းတွေသည် ကျနော်တို့ မှတ်ပုံတင်စနစ်နဲ့ ထောင်တယ်။ ထောင်ခဲ့ရင်ပြောတာပါ။ ထောင်ခဲ့ရင် သူ့ရဲ့စခန်းလုံခြုံရေးအတွက် ကာကွယ်ဖို့ထောင်ခဲ့ရင် အဲဒီမှတ်ပုံတင်စနစ်တွေရှိပါတယ်။ ကျွန်တော် တို့ မိုင်းတွေက အချိန်မရွေးပြန်ဖော်နိုင်ပါတယ်။ တောထဲမှာ တချို့အဖွဲ့အစည်းကထောင်ထားတဲ့မိုင်းတွေဆိုရင်တော့ ရှင်းရခက်တဲ့အနေအထားပါ” ဟု ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

အဆိုပါ မိုင်းအန္တရာယ်ကင်းရှင်းရေးစီမံမှုနှင့်ပတ်သက်၍ တိုင်းမှူးမနှင့် အလွတ်သဘောဆွေးနွေးထားကြောင်းသျရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် မြန်မာ့တပ်မတော်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် နေရပ်စွန်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင် နှစ်သိန်း ခြောက်သောင်းကျော်၊ အရပ်သားသေဆုံးသူ ၃၈၀ ဦး၊ ဒဏ်ရာရသူ ၆၉၄ ဦးရှိကြောင်းနှင့် အေအေနှင့် ဆက်စပ်သည်ဟု ဖမ်းဆီးခံထားရသူ ၈၀၀ ကျော်အထိရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...