အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီနှင့် တွေ့ဆုံမည်ဆိုပါက တည်နေရာထက် ဆွေးနွေးမည့်ခေါင်းစဉ်ကိုသာ အဓိကထားသည်ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်က ပြောသည်။
“အရင်က စာနဲ့ပို့ထားတယ် အနာဂတ်ပြည်ထောင်စုတည်ထောင်ဖို့အတွက်ပေါ့နော် အဲဒါရတယ် တွေ့ဆုံဖို့တော့ မရသေးဘူး။ တွေ့ဆုံမယ်ဆိုရင် တီးတိန်ကတော့ Positive များတော့ သိပ်အဆင်မပြေဘူး ကလေးမြို့မဟုတ်ရင် သူတို့ချင်းပြည်နယ် သူတို့ရုံးရှိရာ ဟားခါးပဲရှိမယ်။ ကျွန်တော်တို့ကတော့ နေရာအဓိကမထားပါဘူး။ ဆွေးနွေးရမယ့် အနာဂတ်ပြည်ထောင်စုအတွက်ဆိုရင် ဘယ်နေရာမဆိုရပါတယ်။ နှစ်ဖက်စလုံးစဉ်းစားမယ်။ ဆွေးနွေးမယ့်ခေါင်းစဉ်က အဓိက” ဟု ပူးဂင်ကမ်းလျန်ကပြောသည်။
အမျိူးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရေးအတွက်ဟူသည့်ခေါင်းစဉ်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ရာတွင် မွန်ပြည်နယ်နှင့် ကယားပြည်နယ်တွင် တွေ့ဆုံမည့်နေရာ ညှိနှိုင်း၍အဆင်မပြေသည့်အတွက် ဆွေးနွေးပွဲပျက်ခဲ့ရသည်။
ဒေါက်တာအောင်မိုးညို ဦးဆောင်သော NLD ကိုယ်စားလှယ်ဖွဲ့သည် ရှမ်းပြည်နယ် တောင်ကြီးမြို့ NLD ရုံးတွင် ဇန်နဝါရီလ ၁၃ ရက်ညနေပိုင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချူပ် (PNO)၊ တအောင်း (ပလောင်) အမျိုးသားပါတီ (TNP) တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဇန်နဝါရီ ၁၅ ရက်တွင် ရှမ်းတိုင်းရင်းသားများဒီမိုကေရစီအဖွဲ့ချူပ် (SNLD)၊ လားဟူအမျိူးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP)၊ ရှမ်းတိုင်းရင်းသားများဒီမို ကရက်တစ်ပါတီ/ကျားဖြူ (SNDP) တို့နှင့် အသီးသီးတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဝါရင့်နိုင်ငံရေးသမား ပူးကျင့်ရှင်းထန်ဦးဆောင်သော ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ZCD ပါတီ ၁၉၉၀ ခုနှစ်ကတည်းက NLD ပါတီနှင့် မဟာမိတ်ပါတီးများဖြစ်ကြပြီး ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင် နှစ်နေရာ အနိုင်ရရှိထားသည့်ပါတီဖြစ်သည်။