ရွေးကောက်ပွဲအလွန် ကိုးဗစ်ကူးစက်မှု ပထမဆုံးတွေ့ရှိခဲ့သည့် စိန့်ဂျိုးဇက်စစ်ရှောင်စခန်း စားနပ်ရိက္ခာအခက်အခဲဖြစ်နေ

ရွေးကောက်ပွဲအလွန် ကိုးဗစ်ကူးစက်မှု ပထမဆုံးတွေ့ရှိခဲ့သည့် စိန့်ဂျိုးဇက်စစ်ရှောင်စခန်း စားနပ်ရိက္ခာအခက်အခဲဖြစ်နေ

ရွေးကောက်ပွဲအလွန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပလနနယ်မြေရှိ စိန့်ဂျိုးဇက် (St. Joseph) စစ်ဘေးရှောင်စခန်းတွင် ကိုးဗစ်ကူးစက်မှု ပထမဆုံးတွေ့ရှိပြီး စခန်းအား LOCK DOWN ချထားရသည့်အတွက် စစ်ရှောင်များ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေရသည်ဟု စခန်းတာဝန်ခံ ဦးခွန်အောင်က ပြောသည်။

ဦးခွန်အောင်က “အဓိကတော့ စားဝတ်နေရေးပေါ့နော်။ ဒါက ခက်ခဲတာပေါ့။ အခုဆို Camp အတွင်းက တချို့ပြည်သူတွေက အစားအသောက် အခက်အခဲရှိကြောင်း ကျွန်တော့်ဆီမှာ တင်ပြလာတာတွေရှိလာပြီ။ ကျနော်တို့ကတော့ လူမှုကူညီရေးအသင်းအဖွဲ့ပေါ့ မြစ်ကြီးနား ကရုဏာက ကြည့်ရှုတဲ့ဟာ ဖြစ်တဲ့အတွက် သူတို့ ကိုတော့ တောက်လျှောက် သတင်းအချက်အလက်တွေ ပို့နေပါတယ်။ ကျွန်တော်တို့ကတော့ ခက်ခဲနေတယ်ဆိုတော့ အစိုးရကို တင်ပြချင်ပေမယ့် ဘယ်လိုတင်ပြရမလဲဆိုတဲ့ အပိုင်းပေါ့။ အဲ့ဒါ အခက်အခဲဖြစ်တာပေါ့။ လတ်တလောကတော့ ကရုဏာအဖွဲ့ကိုပဲ တင်ပြထားတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD အစိုးရအနေဖြင့် ကိုဗစ် ၁၉ ကာကွယ်ဆေးရရှိရန် ပြင်ဆင်နေသည့်အချိန်နှင့် ကာကွယ်ဆေးမရရှိသေးသည့်အချိန်စပ်ကြားတွင် ယခုကဲ့သို့ စခန်းအတွင်း ပိုးတွေ့လူနာတွေ့ရှိသည့်အတွက် စစ်ဘေးရှောင်များမှာ အဖက်ဖက်မှ စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

စစ်ရှောင်များမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း ကန့်သတ်ချက်များနှင့်အညီ နေထိုင်သွားလာရခြင်း၊ အပြင်သို့ အလုပ်ထွက်လုပ်ရ အခက်အခဲများရှိနေခြင်းတို့အပြင် ယခုကဲ့သို့ စစ်ရှောင်စခန်းအား LOCK DOWN ချထားလိုက်သည့်အတွက် ပိုမိုခက်ခဲလာခြင်းဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။

မြစ်ကြီးနားမြို့၊ ပလနနယ်မြေအတွင်းရှိ စိန့်ဂျိုးဇက် (St. Joseph) စစ်ရှောင်စခန်းမှ အသက် ၁၅ နှစ်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးထံမှ ဇန်နဝါရီ ၁၀ ရက်က COVID-19 ပိုးတွေ့ရှိပြီးနောက် စခန်းအား LOCK DOWN ချထားလိုက်ရခြင်းဖြစ်သည်ဟု ဦးခွန်အောင်က ပြောသည်။

“လက်ရှိအခြေအနေကတော့ ကျနော်တို့ ၁၀ ရက်ညနေပေါ့နော်။ အဲ့မှာ positive လူနာတစ်ယောက်ကို စစ်ဆေးတွေ့ရှိတဲ့အတွက်ကြောင့်မို့လို့ Camp တစ်ခုလုံးကို အခုလောလောဆယ်ကတော့ ကန့်သတ်နယ်မြေ Lock Down ချထားလိုက်ရတာပေါ့နော်။ သူနဲ့ထိတွေ့တဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ထုတ်ပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးပြီ။ ၄၄ ဦး စစ်ဆေးပြီးပြီ။ အကုန်လုံးရဲ့ အဖြေကတော့ Negative ဖြစ်ပါတယ်။ လောလောဆယ်ကတော့ Lock Down ချထားတဲ့အနေအထားပါပဲ။ နောက်ထပ်တစ်ခေါက် ထပ်စစ်ရအုံးမှာဆိုတော့ အဲ့ဒီအပေါ်မှာလည်း စိုးရိမ်နေရတယ်” ဟု ၎င်းကပြောသည်။

စိန့်ဂျိုးဇက် (St. Joseph) စစ်ရှောင်စခန်းမှ အသက် ၁၅ နှစ်အရွယ်ရှိ လူငယ်အမျိုးသားကူးစက်ခံရမှုနှင့် ပတ်သက်၍လည်း ဦးခွန်အောင် က “ကူးစက်တဲ့ရာဇဝင်ကို အတိအကျပြောဖို့တော့ ခက်တယ်။ ကျွန်တော်တို့ Camp တွေမှာကတော့ စခန်းရဲ့ ကန့်သတ်ချက်တွေနဲ့အညီ နေရတယ်။ ဝင်ထွက်ရတယ်ပေါ့၊ စည်းကမ်းနဲ့ နေနေရတာပါ။ ဒါပေမယ့် ဒီနောက်ပိုင်း ထောက်ပံ့မှုတွေကလည်း လျော့နည်းလာတော့ စားဝတ်နေရေးအတွက် အပြင်ထွက်အလုပ်လုပ်ချင်ရင် ကန့်သတ်ချက်နဲ့အညီ ဝမ်းစားရေးအတွက် သွားမယ်ဆိုရင်တော့ ခွင့်ပြုပေးရတာတွေတော့ရှိတယ်။ စခန်းကလည်း မပံ့ပိုးပေးနိုင်ဘူးလေနော်။ အခု သူ့ရဲ့ ရာဇဝတ်ကိုကြည့်မယ်ဆိုရင် အင်ဂျန်းယန်တောင်ပေါ်ဒေသက လရှီယန်ဆိုတဲ့နေရာမှာ ရွှေကျင်တယ်။ နောက်ပြီး ကလေးတွေဆိုတော့ တစ်ခါခါ အပြင်သွားတာမျိုးလည်းရှိတယ်ဆိုတော့လေ ပြောဖို့တော့ခက်နေတယ်” ဟု ပြောသည်။

အစိုးရတာဝန်ရှိသူများနှင့် ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (Karuna Mission Social Solidarity – KMSS) တို့က COVID-19 ကာကွယ်ရေးပစ္စည်းများ၊ စစ်ဆေးမှုများနှင့် ကျန်းမာရေးနှင့်သက်ဆိုင်သည့် ဆေးဝါးပစ္စည်းများကို လာရောက်ပံ့ပိုးပေးခဲ့သော်လည်း အစားအသောက် စားနပ်ရိက္ခာ လိုအပ်ချက်များအတွက် ပံ့ပိုးထောက်ပံ့ပေးခြင်းများ မရှိသေးဘူးဟု ဦးခွန်အောင်က ဆက်ပြောသည်။

“စားနပ်ရိက္ခာကျတော့ အစိုးရဘက်ကတော့ ဘာသံမှတော့ မကြားရသေးဘူး။ ဟိုတလော စစချင်းဖြစ်တဲ့အခါကြတော့ နိုင်ငံတော်အစိုး ရ ကျန်းမာရေးဌာနတို့၊ အုပ်ချုပ်ရေးတို့ လတ်တလော ဆေးဝါးကုသမှု ထိတွေ့တဲ့ပုဂ္ဂိုလ်တွေကို စစ်ဆေးမှုတွေလုပ်တယ်။ ဆေးဝါးပစ္စည်း၊ Mask တို့၊ Hand gel တို့ လိုအပ်တဲ့ပစ္စည်းလေးတွေ ပံ့ပိုးသွားတာတော့ ရခဲ့ပါတယ်။ ကရုဏာကလည်း ဖြစ်တဲ့နေ့ရောက်လာပြီး ကျန်တဲ့အ ဖွဲ့တွေနဲ့ ဆက်စပ်ပြီး လိုအပ်တဲ့ ဆေးဝါး ကာကွယ်ရေးပစ္စည်းတွေ လာပေးခဲ့တယ်။ စစ်ဆေးတာတွေလုပ်ပေးတယ်။ အခုလတ်တလောမှာတော့ ဘယ်သူမှ ဝမ်းစာရေးအတွက် တစ်စုံတစ်ရာ ကူညီတာမျိုးမရှိသေးဘူး။ ဖြစ်နိုင်ရင်တော့ ဒီကြားထဲမှာ အစားအသောက်တွေရောက်လာဖို့ မျှော်လင့်တယ်။ မကြာခင်ရောက်လာဖို့ မျှော်လင့်ပါတယ်။”

COVID-19 ရောဂါ ကူးစက်ခြင်းခံထားရသည့် စစ်ရှောင်အမျိုးသားမှာ လက်ရှိတွင် မြစ်ကြီးနားပြည်သူ့ ဆေး ရုံတွင် ဆေးကုသမှုခံနေရပြီး ၎င်း၏ မိသားစု လေးဦးကို Quarantine Center တွင် ထားထားသည်ဟု သိရသည်။

ထို့ပြင် ရောဂါကူးစက်ခံထားရသူနှင့် ဆက်စပ်ခဲ့သူ ၄၄ ဦးအားလည်း စစ်ရှောင်စခန်းအတွင်း သီးခြားခွဲထားပြီး၊ Swab အာခေါင်တို့ဖတ် နမူနာ စစ်ဆေးမှုများ ပထမအကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ရာ အားလုံးမှာ Negative အဖြေထွက်ထားသည်ဟု ဦးခွန်အောင်က ပြောသည်။

ပလနနယ်မြေအတွင်းရှိ စိန့်ဂျိုးဇက် (St. Joseph) တွင် စစ်ရှောင်အိမ်ထောင်မိသားစု ၃၀၀ ကျော်၊ လူဦးအားဖြင့် ၂၀၀၀ ကျော် ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...