ငါးနှစ်အတွင်း မဆောင်ရွက်နိုင်ခဲ့သော ကတိကဝတ်များကို အသစ်တက်လာမည့် အစိုးရသစ်သို့ လွှဲပြောင်းမည်ဖြစ်ကြောင်း ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ရခိုင်ပြည်နယ်၊ ဝန်ကြီးချုပ်ဦးညီပုက ပြောကြားခဲ့သည်။
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်တွင် မေးခွန်းပေါင်း ၁၂၂၈ ခုရှိခဲ့သည့်အနက် ကတိကဝတ်ဖြစ်ပေါ်ခဲ့သော မေးခွန်းပေါင်း ၆၁၉ ခုရှိရာ ပြည်နယ်အစိုးရအနေဖြင့် ၁၅၃ ခုကို အကောင်အထည်ဖော်ရန်ကျန်နေကြောင်း သိရသည်။
“ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်သက်တမ်းအတွင်း ကတိကဝတ်ဖြစ်ပေါ်ခဲ့တဲ့မေးခွန်း ၆၁၉ ခုရှိခဲ့ပါတယ်။ ဒီ ၆၁၉ ခုအနက် ၁၅၃ ခုသာ ရန်ပုံငွေခွဲဝေရရှိမှု အနေအထားအရ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်းနဲ့ ကျန်ကတိကဝတ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ေကြာင်း တွေ့ရပါတယ်။ ကျန်ရှိတဲ့ကတိကဝတ်တွေကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်ကိုလည်းပဲ နောင်အစိုးရသို့ ဥပဒေနဲ့အညီ လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်”ဟု ဦးညီပုက ပြောသည်။
အဆိုပါမေးခွန်းမျးထဲမှ ရန်ပုံငွေတောင်းခံရန် မလိုအပ်သောမေးခွန်းပေါင်း ၁၂၀ ရှိခဲ့ပြီး ၁၀၃ ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ကာ ရှစ်ခုသည်ဆောင်ရွက်ဆဲဖြစ်ကြောင်း ဦးညီပုက ဆက်လက်ပြောသည်။
“ရန်ပုံငွေတောင်းခံရန် မလိုအပ်ဘဲ အကောင်အထည်ဖော်ဆောင်ရွက်ပေးရမယ့် ကတိကဝတ် ၁၂၀ ခုအနက် ၁၀၃ ခုကိုတော့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ရှစ်ခုက ဆောင်ရွက်ဆဲဖြစ်ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ အသိပေးတင်ပြလိုပါတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သော ငါးနှစ်တာကာလအတွင်း ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးများကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ရခိုင်ပြည်နယ်လွှတ်တော်မှချမှတ် လိုက်သော အုပ်ချုပ်ရေးဆိုင်ရာ၊ဆုံးဖြတ်ချက်များ၊ ကတိကဝတ်ဖြစ်ပေါ်ခဲ့သည့် မေးခွန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
“ရခိုင်ပြည်နယ်အစိုးရဖွဲ့ အနေနဲ့ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ငါးနှစ်တာ သက်တမ်းကာလအတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ စစ်ပျိုးရေး၊ ပညာရေး၊ကျန်းမာရေး၊ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ကဏ္ဍတွေကို စိန်ခေါ်မှုများကြားမှ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်ပေးခဲ့တဲ့အပြင် ရခိုင်ပြည်နယ်လွှတ်တော်က ချမှတ်လိုက်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ၊ အတည်ပြုခဲ့သည့်အဆိုများ၊ ကတိကဝတ်ဖြစ်ပေါ်ခဲ့သည့် မေးခွန်းတွေကို အထူးအလေးထားအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့တယ်” ဟုဦးညီပုက ဆိုသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၏ ငါးနှစ်တာကာလလုပ်ဆောင်ချက်များ အားရကျေနပ်စရာမရှိကြောင်း မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကဆိုသည်။
“တည်ငြိမ်အေးချမ်းမှုကို သွားမယ်ဆိုတဲ့အစိုးရ တစ်ရပ်အနေနဲ့ တည်ငြိမ်မှုကို မတည်ဆောက်နိုင်ဘဲနဲ့ မတည်မငြိမ်ဖြစ်သွားတယ်လို့ ပြောရမှာပါ။ ကျွန်တော်တို့ မြောက်ဦးမှာ အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ အထိမ်းအမှတ်လုပ်တယ်။ အဲဒီလုပ်မယ့်ကိစ္စကို တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက တားတဲ့အတွက် အဲဒီအခမ်းအနားကို မလုပ်နိုင်ခဲ့ကြဘူး။ အဲဒီအခမ်းအနားကို မလုပ်နိုင်ခဲ့ကြတဲ့အတွက် အဲဒီမှာရောက်လာတဲ့ ပြည်သူတွေက မိမိတို့ရဲ့ဆန္ဒကို လက်သီးလက်မောင်းတန်းပြီးတော့ ထုတ်ဖော်ကြတယ်။ ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရတဲ့ခေတ်မှာ ဆန္ဒထုတ်ဖော်တဲ့သူတွေကို အဓိကရုဏ်းနှိမ်နင်းတဲ့ဆိုပြီးတော့သေနတ်နဲ့ သေအောင်ပစ်သတ်လိုက်တယ်။ ခုနစ်ယောက်သေပြီးတော့ ၁၂ ယောက်လောက် ဒဏ်ရာရသွားတာရှိတယ်။ ဆိုတော့ ဒီမိုကရေစီအစိုးရလက်ထက်မှာ လက်သီးလက်မောင်းတန်းပြီးတော့ ဆန္ဒထုတ်ဖော်တာကို ဒီလိုမျိုး မလုပ်သင့်ဘူးလို့ထင်ပါတယ်။ ဒါကတော့ တည်ငြိမ်အေးချမ်းရေးကို သွားတယ်ဆိုတဲ့ အစိုးရတစ်ရပ်ရဲ့ မတည်မငြိမ်လုပ်ရပ်ဖြစ်တယ်” ဟု ဦးထွန်းသာစိန်က ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်လွှတ်တော်က တင်ပြသော မေးခွန်း၊ အဆိုတင်မြမှုများနှင့်ပတ်သက်၍ လုံးဝဥပေက္ခာပြုခဲ့ကြောင်း ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က ကျင်းပသော ရခိုင်ပြည်နယ်လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ထည့်သွင်းဝေဖန်ပြောဆိုခဲ့ကြောင်း သိရသည်။