ရွေးကောက်ပွဲရလဒ် အငြင်းပွားနေဆဲဖြစ်သည့်အတွက် တတိယအကြိမ် လွှတ်တော်မခေါ်ယူသင့်သေးကြောင်းပြောဆိုချက် တိုင်းရင်းသားပါတီများလက်မခံကြောင်း သိရသည်။
ရွေးကောက်ပွဲနှင့် လွှတ်တော်ခေါ်ယူခြင်းကို ကဏ္ဍအလိုက်ခွဲမြင်ရန်လိုအပ်ပြီး ရောနှောမြင်မည်ဆိုပါက အခြေအနေက အမျိုးမျိုးဖြစ်လာနိုင်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒုဥက္ကဋ္ဌ-၂ ဦးအောင်ခမ်းက ပြောသည်။
“လွှတ်တော်ကတော့ ပုံမှန်သွားဖို့လိုတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဖြေရှင်းချက်တွေ၊ ပြောရှင်းစရာတွေကိုတော့ တစ်ကဏ္ဍစီအနေနဲ့မြင်ဖို့လိုပါတယ်။ ခွဲခြားပြီးမှ မြင်ဖို့လိုပါတယ်။ ဒါမှမဟုတ်ဘူးဆိုရင် ရွေးကောက်ပွဲနဲ့ လွှတ်တော် တစ်ခါတည်းရောပြီးသွားတယ်ဆိုရင် အခြေနေက အမျိုးမျိုးဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့ သီးသန့်သွားဖို့လိုပါတယ်” ဟု ၎င်းကပြောသည်။
သို့သော်လည်း ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ပါတီအသီးသီးက တင်ပြထားသည်များကို လက်ရှိအစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့ကလည်း လေးလေးစားစားပြန်လည်ဖြေရှင်းရန် လိုအပ်ကြောင်း ဒုဥက္ကဋ္ဌ-၂ ဦးအောင်ခမ်းက ဆက်လက်ပြောသည်။
လွှတ်တော်ခေါ်ယူခြင်းလုပ်ငန်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း ဆောင်ရွက်ရခြင်းဖြစ်ပြီး တစ်စုံတစ်ရာကန့်ကွက်စရာမရှိကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ၊ ရွေးကောက်ပွဲတွင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးကောက်ခံထားရသည့် ဦးရွှေမင်းက ပြောသည်။
ဒီလွှတ်တော်ခေါ်တာက ဥပဒေအရ သူ့အချိန်ရောက်လို့ခေါ်တယ်။ တင်ပြတဲ့အဖွဲ့အစည်းပါတီတွေကလည်း ဥပဒေထဲက တင်ပြတာဖြစ်တဲ့အတွက် အားလုံးကဥပဒေပေါ်မှာဘဲ အခြေခံပြီးလုပ်ရတာဖြစ်တယ်။ အဲတော့ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမယ်ဆိုပြီးတော့ ပါတီထောင်ကတည်းကအစပေါ့ဗျာ လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့အဆုံး ကျမ်းသစ္စာကျိန်ဆိုပြီး ဝင်ရတာဖြစ်တဲ့အတွက် ဒါဥပဒေအတိုင်း ဆောင်ရွက် တယ်လို့ဘဲမြင်ပါတယ်” ဟု ၎င်းကပြောသည်။
တတိယအကြိမ်လွှတ်တော်အား ဖေဖော်ရီ ၁ ရက်တွင်ခေါ်ယူကြောင်း ပြည်ထောင်စုလွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ ပါတီတချို့နှင့် လွှတ်တော်ကိုယ်စားလှယ်တချို့က ခေါ်ယူရန်မသင့်ကြောင်း ဝေဖန်ပြောဆိုမှုရှိလာခဲ့ခြင်းဖြစ်သည်။
“လက်ရှိအာဏာရ အစိုးရက သူ့ဟာသူ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်သွားတာဖြစ်တဲ့အတွက် ကျွန်တော်ပါတီ လေးတွေအနေနဲ့ကျတော့ လုပ်စရာရှိကို ပါဝင်ပြီးမှ ဆောင်ရွက်ပေးသွားမှာသာဖြစ်ပါတယ်။ တစ်ခြားတော့မရှိဘူး။ ဘာလို့လဲဆိုရင် ပါတီကြီးအနေနဲ့လည်းမဟုတ်တော့ အတိုက်အခံပါတီနဲ့အာဏာရပါတီက သူတို့ကိစ္စတွ ဆောင်ရွက်လို့မပြီးခင်မှာ ဒီလိုလုပ်တာဆိုတော့ သူတို့ကျတော့ ကန့်ကွက်တာတွေရှိမှာပေါ့။ ကျွန်တော်တို့က ပါတီလေးတွေဖြစ်တဲ့အတွက် ကိုယ့်ကိုရွေးချယ်လိုက်တဲ့ပြည်သူအတွက် ဘယ်အစိုးရဘဲတက်တက်အကောင်း ဘက်ကနေပါဝင်ဆောင်ရွက်ပေးရုံဘဲရှိပါတယ်” ဟု ချီဖွေ၊ဆော့လော်၊ အင်ဂျန်းယန်မြို့နယ် အမျိုးသားလွှတ်တော်တွင် အနိုင်ရရှိထားသည့် ဦးခေါတိန့်ကပြောသည်။
၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၃၉၆ ဦး အနိုင်ရရှိထားပြီး အတိုက်အခံပါတီဖြစ်သည့် ကြံ့ခိုင်ဖွံံ့ဖြိုးရေးပါတီက ၃၃ ဦး အနိုင်ရရှိထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒအရ အစည်းအဝေးပထမနေ့တွင် တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ထက်ဝက်ကျော်ခန့် တက်ရောက်ပါက အစည်းအဝေးအထမြောက်ကြောင်း ပြဌာန်းထားသည်။