မြို့နယ် ၁၈၀ ခန့်တွင် ထပ်နေသည့်မဲစာရင်းနှင့် မဲမသာမှုဖြစ်နိုင်သည့်မဲစာရင်း လေးသန်းနီးပါးရှိဟု တပ်မတော်ထုတ်ပြန်

မြို့နယ် ၁၈၀ ခန့်တွင် ထပ်နေသည့်မဲစာရင်းနှင့် မဲမသာမှုဖြစ်နိုင်သည့်မဲစာရင်း လေးသန်းနီးပါးရှိဟု တပ်မတော်ထုတ်ပြန်
by -
ကောင်းကျော်နိုင်

တပ်မတော်အနေဖြင့် မဲစာရင်းတွေ့ရှိချက်များကို ၁၇ ရက်အတွင်း ၁၃ ကြိမ်ထုတ်ပြန်ခဲ့ပြီး ထပ်နေသည့်မဲစာရင်း ၁၆၀၄၄၁၆ ခုနှင့် မဲမသာမှုဖြစ်နိုင်သည့် မဲစာရင်း ၂၃၅၀၃၀၁ ခု စုစုပေါင်း ၃၉၅၄၇၁၇ ခုရှိကြောင်း ဇန်နဝါရီ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ အဖွဲ့အစည်းအနေဖြင့် မဲစာရင်းစိစစ်တွေ့ရှိချက်များကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှ ဇန်နဝါရီ ၉ ရက်အထိ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်ပေါင်း ၁၇၉ မြို့နယ်ကို စိစစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စိစစ်တွေ့ရှိချက်များသည် မဲစာရင်းပုံစံ ၁ တွင် တွေ့ရှိသည့်စာရင်းများဖြစ်ပြီး ထပ်နေသောမဲစာရင်း၌ နိုင်ငံသားကတ်တူသူများ၊ အမည်တူသူများ၊ မိဘတူများနှင့် မဲစာရင်းတွင် နိုင်ငံသားကတ်တစ်ခုတည်းဖြင့် သုံးကြိမ်မှ ၈ ကြိမ်အထိ ပါဝင်နေများကိုတွေ့ရှိရပြီး မဲသမာမှုဖြစ်နိုင်သည့် မဲစာရင်းတွင် အသက် ၁၈ နှစ်မပြည့်ပဲ ပါဝင်နေသူများ၊ အသက်ပြည့်/မပြည့် အိမ်ထောင်စုစာရင်းနှင့်တိုက်ဆိုင်စိစစ်ရမည့် နိုင်ငံသားကတ်မရှိသူများကို တွေ့ရှိရကြောင်း တပ်မတော်၏ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တနိုင်ငံအလုံးအနေဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၁၅ နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၁ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မဲဆန္ဒနနယ် ၆၁၂ နယ်နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ် စုစုပေါင်း မဲဆန္ဒနယ် ၁၁၁၇ နယ်ရှိကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒနယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉၂၀ နေရာတွင် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့ခွင့် ထပ်မံဖွဲ့ခွင့်ရရှိခဲ့ကာ ပြည်ခိုင်ဖြိုးက ၇၁ နေရာ၊ ရှမ်းတိုင်းရင်သားများဒီမိုကရေစီအဖွဲ့ချုပ်က ၄၂ နေရာ၊ ရခိုင်အမျိုးသားပါတီက ၁၅ နေရာ၊ တအာင်း (ပလောင်) အမျိုးသားပါတီက ၁၂ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၁၂ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၁၁ နေရာ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ရှစ်နေရာ၊ ကရင်ပြည်နယ်ပြည်သူ့ပါတီက လေးနေရာ၊ ရခိုင့်ဦးဆောင်ပါတီနှင့် ‘ဝ’ အမျိုးသားပါတီက သုံးနေရာစီ၊ လားဟူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်၊ လီဆူအမျိုးသားဖွံ့ဖြိုးဆိုးတက်ရေးပါတီနှင့် ဒီမိုကရေစီပါတီသစ် (ကချင်) တို့က နှစ်နေရာစီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေတစ်ပါတီတို့က တစ်နေရာစီနှင့် တစ်သီးပုဂ္ဂလက လေးနေရာ အသီးသီး ရွေးကောက်ခံခဲ့ရကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်တို့အနေဖြင့် ယင်းရွေးကောက်ပွဲရလဒ်အပေါ် လက်ခံနိုင်ခြင်းမရှိဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များကို ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်မှုများ၊ ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းခြင်းများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌအပါအဝင် ၁၅ ဦးအား တိုင်ကြားခြင်းများနှင့် မဲစာရင်း စိစစ်တွေ့ရှိချက်များကို ထုတ်ပြန်ခြင်းများပြုလုပ်လျက်ရှိသည်။

ယင်းသို့ ထုတ်ပြန်မှုများနှင့်ပတ်သက်၍ ယခုအချိန်သည် ရဲအရေးပိုင်သည့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့် တရားမဲ့ပြုကျင့်မှုများအတွက် တင်သွင်းထားသည့် ကန့်ကွက်လွှာများကို စစ်ဆေးနေသည့်ကာလဖြစ်သဖြင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံသည့်သဘောသက်ရောက်စေသော သဘောထားထုတ်ပြန်ချက်များ၊ အလားတူ ဆောင်ရွက်ချက်များကိုမပြုလုပ်ရန် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်ထုတ်ပြန်၍ အသိပေးထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...