ANP ပါတီကို ပြည်နယ်အစိုးရဖွဲ့ခွင့်ပေးရန် ရခိုင်မျိုးနွယ်စုများတောင်းဆို

ANP ပါတီကို ပြည်နယ်အစိုးရဖွဲ့ခွင့်ပေးရန် ရခိုင်မျိုးနွယ်စုများတောင်းဆို
by -
မင်းထွန်း (DMG)

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ၏ တွေ့ကြုံနေရသောအခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ရွေးကောက်ပွဲရလဒ်အရ ရခိုင်တွင် မဲအများဆုံးအနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီ (ANP) ကို ပြည်နယ်အစိုးရဖွဲ့ခွင့်ပေးရန် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများက တောင်းဆိုကြသည်။

“ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီက မဲအများဆုံးဖြစ်တဲ့အတွက် ရခိုင်ပါတီကို အစိုးရဖွဲ့ခွင့်ပေးပါ။ ဘာဖြစ်လို့လဲဆိုရင် ရခိုင်ပါတီက အစိုးရဖွဲ့ခွင့်ရမှ ရခိုင်တိုင်းရင်းသားလူမျိုးစုေတွရဲ့ ဒုက္ခ၊သုခကို သိမှာဖြစ်တယ်။ (NLD) ပါတီက သိမှာမဟုတ်ဘူး။ အဲတာကြောင့် ဖြစ်အောင်လုပ်ပေးပါလို့ တောင်းဆိုပါတယ်” ဟု မရာမာကြီးလူမျိုးစုခေါင်းဆောင် ဦးမောင်နုကပြောသည်။

ရခိုင်ပြည်နယ်၌ တိုင်းရင်းသားမျိုးနွယ်စုများ ခံစားနေကြရသည့် ဒုက္ခများ၊ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအ ခြေအနေများနှင့်ပတ်သက်၍  ANP ပါတီတာဝန်ရှိသူများနှင့် ရခိုင်မျိုးနွယ်စုလူမျိုး ခေါင်းဆောင်များဆွေးနွေးခဲ့ကြပြီးနောက် သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် ဦးမောင်နုက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခေါင်းဆောင်များဆွေးနွေးပွဲကို ဇန်နဝါရီ ၇ ရက်တွင် စစ်တွေမြို့ရှိ ANP ပါတီဗဟိုရုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်မျိုးနွယ်စုတိုင်းရင်းသားပါတီများဖြစ်သည့် မြို၊ခမီး၊ ဒိုင်းနက်၊ ကမန်ပါတီများနှင့် မရာမာကြီး၊ ဟိန္ဒူလူမျိုးများ စုစုပေါင်းဦးရေ ၃၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပါတီမှ ပြည်နယ်အစိုးရဖွဲ့ခွင့်ရလျှင် မျိုးနွယ်စုလူမျိုများ၏ လက်ရှိကြုံတွေ့နေရသည့် ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကိုဖြေရှင်းပေးနိုင်မည်ဟုမျှော်လင့်ကြောင်း ကမန်လူမျိုးကိုယ်စားပြုဆွေးနွေးခဲ့သည့် ဒေါ်ခင်မျိုးညွန့်က ဆိုသည်။

“ကျွန်မတို့က ရခိုင်တိုင်းရင်းသားမျိုးနွယ်စုေတွဖြစ်တယ်။ ဆိုတော့ ကျမတို့ ရခိုင်လူမျိုးပါတီတစ်ခုက အစိုးရ ဖွဲ့ခွင့်ရမယ်ဆိုရင် ကောင်းတာပေါ့။ကျမတို့ ကမန်တိုင်းရင်းသားကျေးရွာတွေမှာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးတွေက အရမ်းဒုက္ခရောက်နေပါတယ်။အဲတာတွေကို ပြည်နယ်အစိုးရဖွဲ့ခွင့်ရမယ်ဆိုရင် လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်” ဟု ၎င်းကပြောသည်။

၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်ရှိ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် အစိုးရထပ်မံဖွဲ့စည်းနိုင်မည့် ပါတီဖြစ်သည်။

ANP ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က “ကျွန်တော်တို့မှာ အုပ်ချုပ်ရေးအာဏာမရဘူး၊ အစိုးရမဖွဲ့နိုင်ဘူးဆိုရင် ဘယ်အာဏာတွေ၊ ဘယ်လုပ်ပိုင်ခွင့်တွေနဲ့ ဒီတိုင်ရင်းသားမျိုးနွယ်စုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ ဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်  ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ” ဟု ပြောသည်။

ANP ပါတီအနေဖြင့် ပြည်နယ်အစိုးရဖြစ်မည်ဆိုလျှင် အဆိုပါတိုင်းရင်းသားမျိုးနွယ်စုများ၏ အခက်အခဲများကို မဖြစ်မနေ အကောင်အထည်ဖော်ပေးသွားမည်ဟု မျိုးနွယ်စုများကို ဆွေးနွေးရာတွင် ကတိပြုပေးခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ဘဝလုံခြုံမှု အကာကွယ်မဲ့နေခြင်း၊ စီးပွားရေး၊လူမှုရေး ခြိမ်းခြောက်ခံရခြင်းများ၊ အားကိုးရာမဲ့နေခြင်းများကို ယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် မျိုးနွယ်စုများမှ တင်ပြသည့် အသံများကို ကြားရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရကြာင်း ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုခုနစ်ခုရှိပြီးယင်းအထဲ၌ ရခိုင်၊ ကမန်၊ခမီး၊ ဒိုင်းနက်၊ မရာမာကြီး၊ မြို၊သက်လူမျိုးတို့ ပါဝင်သည်။

ယင်းအပြင် လက်ရှိရခိုင်မျိုးနွယ်စုနိုင်ငံေရးပါတီများမှာ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ခူမီး (ခမီး) အမျိုးသားပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီတို့ အသီးသီးရှိကြသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ANP ပါတီသည် ရခိုင်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ် ခုနစ်နေရာဖြင့် အများဆုံးအနိုင်ရထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ် တစ်နေရာအပါအဝင် ငါးနေရာ အနိုင်ရရှိထားကာ ရခိုင့်ဦးဆောင်ပါတီ (AFP) က နှစ်နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က တစ်နေရာ အနိုင်ရထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...