တပ်မတော်ကထုတ်ပြန်သည့် မဲစာရင်းကိစ္စများ မှန်/မမှန်သိစေရန် ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအုပ်နောလ်က ပြောသည်။
တပ်မတော်အနေဖြင့် တပ်မတော်သားများမဲပေးခဲ့သည့် မြို့နယ်များရှိ မဲစာရင်းများကို စိစစ်၍ မဲမသမာမှုပြုနိုင်သည့် မဲစာရင်းနှင့်မဲမသမာမှုပြုနိုင်သည့် အခြားမဲစာရင်းဟူ၍ ထုတ်ပြန်လျက်ရှိရာ ချင်းပြည်နယ်ရှိမြို့နယ်များလည်း ပါဝင်နေသဖြင့် ထိုစာရင်းများ မှန်/မမှန် ပြန်လည်စိစစ်သွားမည်ဟု ဆိုသည်။
“ကျွန်တော်တို့ အနေနဲ့ကတော့ ဒါက လောလောဆယ်အားဖြင့် UEC ကနေ တုံ့ပြန်ပေးပါ။ ဖြေရှင်းပေးပါဆိုတာကလည်း မရှိသေးပါဘူး။ အဲဒါ ကျွန်တော်တို့ အနေနဲ့ကတော့ တစ်ကယ်ပြန်ကြည့်တဲ့ခါကျရင် စာရင်းထပ် တာတို့ ဘာတို့လည်း ရှိကောင်းရှိနိုင်ပါတယ်လို့ပဲ ကျွန်တော်တို့ သုံးသပ်ထားတယ်။ ကျွန်တော်တို့ ပြန်ပြီးတော့ ဖြေရှင်းဖို့တော့ ရှိပါတယ်။ ကျွန်တော်တို့လည်း ထပ်ကြည့်ရမှာပေါ့နော်။ သူတို့ဖော်ပြတဲ့ဟာကိုလေ စာရင်းကို ကျွန်တော်တို့ထပ်ပြီးတော့ ပြန်ကြည့်ရမှာပါ။ အဲဒီခါကျမှ တကယ့် အဖြစ်မှန် သိလာမှာ ပေါ့နော်” ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအုပ်နော်ကပြောသည်။
အဆိုပါ မဲမသမာမှုပြုနိုင်သည့် မဲစာရင်းနှင့်မဲမသမာမှုပြုနိုင်သည့် အခြားမဲစာရင်းနှင့်ပတ်သက်၍ ပြန်လည်စိစစ်ခြင်းကို အမြန်ဆုံးပြုလုပ်သွားမည်ဖြစ်ပြီး ယင်းသို့စိစစ်ပြီးပါက တပ်မတော်က ထုတ်ပြန်ချက်မှန်/မမှန် သိရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ရှိနိုင်လားမရှိနိုင်ဘူးလားဆိုတာကတော့ ရှိနိုင်ပါတယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ဖြစ်နိုင်ချေရှိပါတယ်လို့ ကျွန်တော်တို့ သုံးသပ်ထားပါတယ်။ အခုပြန်ပြီးတော့ ထပ်ကြည့်ရမှာ မကြာတော့ပါဘူး၊ ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် အားလုံးလည်း မှန်ချင်မှ မှန်မှာလေ” ဟု ဥက္ကဌ ဦးအုပ်နော်ကပြောသည်။
တပ်မတော်အနေဖြင့် မဲစာရင်းများ စိစစ်တွေ့ရှိချက်များနှင့်ပတ်သက်၍ ဇန်နဝါရီလ ၆ ရက်အထိ ထုတ်ပြန်ချက်များထုတ်ပြန်ခဲ့သည်မှာ ၁၀ ကြိမ်မြောက်ပင်ရှိလာပြီဖြစ်ပြီး ယင်းနေ့တွင်ထုတ်ပြန်ခဲ့သည့် မဲစာရင်းတွင် မြို့နယ် ၂၃ မြို့နယ်၌ တွေ့ရှိချက်များကို ဖော်ပြထားခြင်းဖြစ်ကာ ချင်းတိုင်းရင်းသားများ အများစုနေထိုင်သည့် ချင်းပြည်နယ် တီးတိန်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့တွင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်းနှင့် မဲမသမာမှုပြုနိုင်သည့် အခြားမဲစာရင်းပေါင်း ၅၀၀၀၀ နီးပါးခန့်ရှိကြောင်း ဖော်ပြထားသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်းနှင့် မဲမသမာမူပြုနိုင်သည့် အခြားမဲစာရင်းပေါင်း ၈၄၃၁ ခုနှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် မဲမသမာမူပြုလုပ်နိုင်သည့် မဲစာရင်းနှင့် မဲမသမာမှုပြုလုပ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၄၁၀၆၀ ခု၊ နှစ်မြို့နယ်ပေါင်း ၄၉၄၉၁ ခုရှသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
အလားတူ တပ်မတော်က ခုနစ်ကြိမ်မြောက်ထုတ်ပြန်သည့်စာရင်းတွင်လည်း ချင်းပြည်နယ် ဟားခါးမြို့နယ်၌ စိစစ်တွေ့ရှိချက်များကို ဖော်ပြထားပြီး ယင်းမြို့နယ်၌ မဲမသမာမှု မဲထပ်နေသည့်စာရင်း ၃၈၅၅ ခုနှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားစာရင်းတွင် ၃၀၉၀ ခု စုစုပေါင်း ၆၉၅၄ မဲရှိသည်ဟု ဆိုသည်။
Published
Friday, January 08, 2021
တပ်မတော်ကထုတ်ပြန်သည့်မဲစာရင်းများ မှန်/မမှန်သိစေရန် ပြန်လည်စိစစ်မည်ဟု ချင်းပြည်နယ်ရွေးကော်ဥက္ကဌဆို