ရွေးကောက်ပွဲနောက်ပိုင်း ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်နှုန်းမြင့်တက်လာပြီး သေဆုံးသူရှိလာကြောင်း သိရသည်။
ထို့သို့ ကိုဗစ်ကူးစက်နှုန်းမြင့်မားလာသဖြင့် တီးတိန်မြို့နယ်ကို Stay At Home အဖြစ်သတ်မှတ်ရန်ပြင်ဆင်နေကြောင်း တီးတိန်မြို့၊ ကိုဗစ်-၁၉ Volunteer အဖွဲ့မှ ကိုမုန်းနိုးကပြောသည်။
“မနေ့ကသေဆုံးသွားတဲ့သူက သူမသေဆုံးခင်မှာအသက်ရှုကြပ်တာတို့၊ ချောင်းဆိုးပြီး၊ ဖျားတာတို့ရှိတော့ သူသေဆုံးတဲ့အခါမှာ သူ့မိသားစုတွေက နည်းနည်းသံသယဖြစ်မိလို့ ကျန်းမာရေးဌာနကို အကြောင်းကြားပြီးတော့ ကျန်းမာရေးကစစ်လိုက်တော့ ပိုးတွေ့တာ၊ မြို့မရပ်ကွက်မှာနေတဲ့သူပါ၊ လက်ရှိအခြေအနေကတော့ ကျန်းမာရေးနှင့် ထွေအုပ်ရုံးက Stay At Home လုပ်ဖို့တော့ စပြီးတော့မှ ကြေညာလိုက်ပြီ၊ ဒါပေမယ့် Stay At Home ကတော့ မစသေးဘူး သတိပေးတဲ့အဆင့်တော့ရောက်နေပြီ” ဟု ကိုမုန်းနိုးကပြောသည်။
တီးတိန်မြို့နယ်တွင် ဒေသတွင်းကိုဗစ်ပိုးကူးစက်မှု မြင့်တက်လာသည့်အပြင် သေဆုံးသူနှစ်ဦးအထိရှိလာပြီဖြစ်ပြီး သေဆုံးသူနှစ်ဦးမှာ တီးတိန်မြို့၊ တွီးထန်းကျေးရွာမှတစ်ဦးနှင့် တီးတိန်မြို့၊ မြို့မရပ်ကွက်မှအသက် (၇၅) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
တီးတိန်မြို့နယ်တွင် ကိုဗစ်ပိုးကူးစက်မှုတိုးများလာသည့်အပြင် သေဆုံးသများရှိလာသဖြင့် Stay At Home ပြုလုပ်မှသာလျှင် ဒေသတွင်းကူးစက်မှု့ လျှော့နည်းလာမည်ဖြစ်ပြီး၊ စည်းစနစ်ကျသော Stay At Home အဖြစ်ပြုလုပ်ရန် အရေးကြီးသောအချိန်ဖြစ်ကြောင်း တီးတိန်မြို့၊ ကိုဗစ်-၁၉ Volunteer အဖွဲ့မှ ကိုမုန်းနိုးကပြောသည်။
“ကျွန်တော့်အမြင်ပြောရမယ်ဆိုရင် တီးတိန်မြို့က Stay At Home က လုပ်သင့်တာကြာပြီပေါ့။ Stay At Home ကိုလည်း အမြန်ဆုံး အကောင်အထည်ပေါ်စေချင်တယ်။ Stay At Home လုပ်မှပဲ ဒေသအတွင်းကူးစက်မှုတွေ နည်းနည်းလေးလျှော့နည်းလာနိုင်တယ်၊ Stay At Home လုပ်တဲ့အခါမှာလည်း သဘောသဘာဝအရမဟုတ်ပဲ စည်းစနစ်တကျနဲ့ စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူဖို့လိုလာပြီ။ တချို့ကျန်းမာရေးဝန်ထမ်းတွေဆိုရင်လည်း ပိုးတွေ့တာ၊ ကွာရန်တင်းဝင်ရတာတွေရှိနေပြီဆိုတော့ ဒီဟာက မနည်းကိုထိန်းရမယ့်အခြေအနေရှိတယ်။ ကျွန်တော့်အနေနဲ့ပြောရရင် Stay At Home လုပ်တာတောင်မလောက်သေးဘူး၊ ပြည်နယ်အစိုးရအနေနဲ့ ဖြစ်နိုင်ရင် ထောက်ပံပေးနိုင်ရင်ဆိုရင် Lock down ချထားသင့်တဲ့အခြေအနေဖြစ်တယ်” ဟု ကိုမုန်းနိုးကပြောသည်။
တီးတိန်မြို့နယ်ကို Stay At Home ပြုလုပ်မည်ဆိုပါက ပြည်သူလူထုများ၏ အခြေခံလိုအပ်ချက်နှင့် ရေ၊ မီး အခက်အခဲများ ရင်ဆိုင်နေရသည့်အပြင် လက်ရှိ ကိုဗစ်ပိုးတွေ့လူနာများနှင့် ကွာရန်တင်းဝင်နေသူများ၏ စားရေး၊ သောက်ရေးကိစ္စများ၏ လိုအပ်ချက်အခက်အခဲများ ဖြစ်လာနိုင်သည်ဟု ၎င်းကဆက်လက်ပြောသည်။
တီးတိန်မြို့ကို Stay At Home အဖြစ် သတ်မှတ်မည့်ကိစ္စမှာ ပြည်နယ်အစိုးရမှ ဆုံးဖြတ်ရမည်ဖြစ်ပြီး လက်ရှိတွင် လိုအပ်သည့်အချက်အလက်များကို ပြည်နယ်သို့ တင်ပြထားပြီဖြစ်ကြောင်း တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဇော်မင်းနိုင်ကပြောသည်။
လက်ရှိတီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်ပိုးတွေ့လူနာဆေးကုသမှုခံယူသူ ၁၅ ဦးနှင့် ကွာရန်တင်းဝင်နေသူ ၇၀ ဦးရှိပြီး လက်ရှိကွာရန်တင်းဝင်နေသူအများစုမှာ ကိုဗစ်ပိုးတွေ့လူနာများနှင့် ထိစပ်သူများဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်တစ်ခုလုံးတွင် ကိုဗစ်စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ် မတ် ၂၃ ရက်မှစ၍ ယနေ့ (ဇန်နဝါရီ ၆) ရက်အထိ ကိုဗစ်ဖြစ်ပိုးတွေ့သူ ၂၇၇ ဦးနှင့် သေဆုံးသူသုံးဦးရှိကြောင်း ချင်းပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်မှူး ဒေါက်တာအောင်ငွေစံက ပြောသည်။