မွန်ပြည်နယ် သထုံမြို့နယ်အပါအဝင် မြို့နယ် ၁၆ ခုတွင် မဲမသမာမှုပြုနိုင်ဖြစ်နိုင်တဲ့ မဲစာရင်းများ စိစစ်တွေ့ရှိကြောင်း တပ်မတော်က ဇန်နဝါရီ ၄ ရက်၌ ထုတ်ပြန်ခဲ့သည်။
‘မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်း၍ အဋ္ဌမအကြိမ် ထုတ်ပြန်ချက်’ ဟု ခေါင်းစဉ်တပ်ထားသော ၎င်းကြေညာချက်တွင် သထုံမြို့နယ်အပြင် မင်္ဂလာဒုံ၊ ဗိုလ်တထောင်၊ ရွှေကျင်၊ သံတောင်ကြီး၊ တောင်ငူ၊ ခန္တီး၊ ကန့်ဘလူ၊ ရွှေကူ၊ လွိုင်လင်၊ မိုင်းပန်၊ ကျေးသီး၊ အိမ်မဲ၊ ကလော၊ မြိတ်နဲ့ ရေနံချောင်း မြို့နယ်များ၏မဲစာရင်းစိစစ်တွေ့ရှိချက်များကို ဖော်ပြထားခြင်းဖြစ်သည်။
သထုံမြို့နယ်တွင် မဲမသမာမှုပြုနိုင်သော ထပ်နေသည့် မဲစာရင်း ၁၈၆၅၃ ခု၊ မဲမသမာမှုဖြစ်နိုင်တဲ့ အခြား မဲစာရင်း ၃၈၂၉၁ ခု၊ စုစုပေါင်း ၅၆၉၄၄ ခု စိစစ်တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်း၌ ၂၁၂၂၅၅ ဦးရှိပြီး ပုံစံ (၁) အရ စိစစသည့်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းကတော့ ၂၀၅၁၉၉ ဦးသာရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် နှိုင်းယှဉ်ဖော်ပြခဲ့သည်။
တပ်မတော်အနေဖြင့် တပ်မတော်သားတွေမဲပေးခဲ့သော မြို့နယ်များတွင် မဲစာရင်းစိစစ်ခဲ့ပြီး တွေ့ရှိချက်များကို ထုတ်ပြန်နေသည်မှာ ခုနစ်ကြိမ်ရှပြီဖြစ်ပြီး ၎င်းတို့စိစစ်တွေ့ရှိချက်ချက်များသည် သာမန်အားဖြင့်မသိနိုင်သော ထပ်နေသောမဲစာရင်းများကို အထောက်အထားဖြင့် တိုက်ဆိုင်စိစစ်ရန် လိုအပ်သည့် မဲစာရင်းများဖြစ်ကြောင်း တပ်မတော်က ပြောကြားထားသည်။
မကြာသေးမီရက်ပိုင်း ဇန်နဝါရီ ၁ ရက်က တပ်ထုတ်ပြန်ချက်တွင်လည်း ချောင်းဆုံမြို့နယ်၌ မဲမသမာမှုပြုနိုင်သော ထပ်နေသည့် မဲစာရင်း ၁၄,၅၃၇ ဦး၊ မဲမသမာမှုဖြစ်နိုင်သော မဲစာရင်း ၁၂,၈၂၃ ဦး၊ စုစုပေါင်း ၂၇,၃၆၀ ဦး စိစစ်တွေ့ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
တပ်မတော်ကထုတ်ပြန်သော မဲစာရင်းများသည် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့တွင်အသုံးပြုခဲ့သည့် မဲစာရင်းများမဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဒီဇင်ဘာ ၃၀ ရက် တွင် တုန့်ပြန်ထားသည်။
ယခုအခါ ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲနေ့တွင်ဖြစ်ပွားခဲ့သော ရဲအရေးပိုင်တဲ့ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ၊ တရားမဲ့ပြုကျင့်မှုအတွက် တင်သွင်းလာတဲ့ ကန့်ကွက်လွှာများကို စစ်ဆေးနေဆဲကာလဖြစ်သည့်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပျက်ပြားစေရန်၊ ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့သဘော သက်ရောက်စေသည့် သဘောထားထုတ်ပြန်ချက်များ မပြုလုပ်ကြရန် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အသိပေးခဲ့သည်။
UEC က အထက်ပါအတိုင်း အသိပေးထားသော်လည်း မဲစာရင်းကိုအခြေခံ၍ စိစစ်တွေ့ရှိချက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်၏ကြေညာချက်များတွင် အစဉ်တစိုက် ရေးသားဖော်ပြခဲ့သည်ကို တွေ့ရသည်။
Published
Wednesday, January 06, 2021
မွန်ပြည် သထုံမြို့နယ်တွင် မဲမသမာမှုဖြစ်နိုင်သောစာရင်း ၅၆၀၀၀ ကျော်ရှိကြောင်း တပ်မတော်ထုတ်ပြန်