ရခိုင်တွင် တစ်နှစ်ကျော်ကြာပိတ်ထားခဲ့သည့် ကုန်းလမ်းသွားလာခွင့်ကို ရွေးကောက်ပွဲအလွန်တွင် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ဒေသခံများ အသုံးပြုရန် စိုးရိမ်နေ

ရခိုင်တွင် တစ်နှစ်ကျော်ကြာပိတ်ထားခဲ့သည့် ကုန်းလမ်းသွားလာခွင့်ကို ရွေးကောက်ပွဲအလွန်တွင် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ဒေသခံများ အသုံးပြုရန် စိုးရိမ်နေ
by -
မင်းထွန်း (DMG)

ရွေးကောက်ပွဲအပြီး တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့အကြား ဆက်ဆံရေးတိုးတက်မှုမျာကြောင့် တစ်နှစ်ကျော်ကြာပိတ်ထားသည့် ဒါးလက်ကျေးရွာအုပ်စု၏ ကုန်းလမ်းသွားလာခွင့် ပြန်လည်ခွင့်ပြုခဲ့သော်လည်း လုံခြုံရေးတင်းကြပ်ထားသဖြင့် ဒေသခံများ အသုံးပြုရန် စိုးရိမ်နေဆဲဖြစ်ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ဒါးလက်ကျေးရွာအုပ်စု ကုန်းလမ်းသွားလာခွင့်ကို လုံခြုံရေးအရ တပ်မတော်က ပိတ်ထားသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး ယခုအခါ သွားလာခွင့်ပြန်လည်ဖွင့်ပေးလိုက်ကာ ကုန်ပစ္စည်းများသယ်ယူခွင့်ကိုလည်း ဒီဇင်ဘာ ၃၀ ရက်မှစတင်၍ ခွင့်ပြုပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

 

ကျေးရွာပေါင်း ၅၀ ခန့်ရှိသည့် ဒါးလက်ကျေးရွာအုပ်စုကို ကုန်းလမ်းသွားလာခွင့် ပိတ်ပင်ထားသည့်ကာလတွင် ဆန်ရိက္ခာများကို သယ်ယူခွင့်မပြုခဲ့သော်လည်း လက်ရှိတွင် မှတ်ပုံတင်ပြ၍သွားပါက ကုန်ပစ္စည်းများကို လိုသလောက် သယ်ယူခွင့်ရကြောင်း ဒေသခံများကပြောသည်။

 

ကုန်းလမ်းသွားလာခွင့်ကို ခွင့်ပြုပေးထားသော်လည်း ယင်းဒေသအတွင်း တပ်မတော်သားများရှိနေသည့်အတွက် သွားလာနေစဉ် တစ်စုံတစ်ခုဖြစ်မည်ကိုစိုးရိမ်ကြောင်း အမ်းမြို့နယ်၊ ရှမ်းကုန်းကျေးရွာမှ ဦးတင်လွင်က ပြောသည်။

 

“မြို့နယ်အုပ်ချုပ်ရေးမှူးကတစ်ဆင့် အကြောင်းကြားလာလို့သိရတာပါ။ ကျွန်တော်တို့ အလယ်ကျွန်းမှာဆိုရင်လည်း တပ်မတော်သားတွေကရှိသေးတယ်။ အမ်းဖက်ကို သွားတဲ့လမ်းမှာလည်း မှတ်ပုံတင်စစ်ဆေးတဲ့ တပ်မတော်သားတွေရှိတယ်။ အဲ့တာကြောင့် လွတ်လွတ်လပ်လပ် မသွားရဲကြသေးဘူး” ဟု ၎င်းကဆိုသည်။

 

ဒါးလက်ကျေးရွာအုပ်စုရှိ ဒေသခံများသည် ကမ်းထောင့်ကြီး၊ မင်းပြား၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်တို့မှ တင်ပို့သည့် စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများကို အဓိက ဝယ်ယူစားသောက်ကြလျက်ရှိကြောင်း သိရသည်။

 

ယင်းပြင် တောင်ယာလုပ်ငန်းမှရရှိသည့် စားသောက်ကုန်များနှင့် သစ်ဝါးများ၊ ငါးဖမ်းလုပ်ငန်းများအား ရေလမ်းကို အဓိကအားကိုး၍ လုပ်ကိုင်ရသည့်အတွက် ရေလမ်းသွားလာခွင့်ကို ပြန်လည်ဖွင့်ပေးစေလိုသည်ဟု ဒါးလက်ကျေးရွာမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

 

“ကုန်းလမ်းကို ဖွင့်ပေးတဲ့အတွက်လည်း ကျွန်မတို့ဝမ်းသာပါတယ်။ ကျွန်မက စိုးရိမ်စိတ်တော့ရှိတယ်။ အခု ကုန်းလမ်းကိုဖွင့်ပေးပေမဲ့လည်း ရေလမ်းကိုလည်းဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ပိုက်ဆံရဖို့အတွက်ကျတော့ ရေလမ်းကိုအားကိုးရတယ်။ စားဖို့သောက်ဖို့အတွက် အလုပ်လုပ်ရအုံးမယ်လေ” ဟု ၎င်းကဆိုသည်။

 

လက်ရှိ ကုန်းလမ်းကို ဖွင့်ပေးထားသော်လည်း စိတ်လုံခြုံမှုများရှိနိုင်မည်မဟုတ်သေးကြောင်း အမ်းမြို့နယ် ဒေသခံ ကိုမျိုးလွင်ကပြောသည်။

 

“သွားရ၊ လာရလမ်းတွေမှာ တပ်စခန်းတွေရှိတော့ သူတို့လည်းစိုးရိမ်ကြမယ်။ ရှေ့မှာကြုံခဲ့ရတာတွေလည်း ရှိနေပြီဆိုတော့လေ။ သွားရင်းလာရင်း စစ်ဆေးခံရတာတွေ၊ မှိုင်းပေါက်ကွဲတာတွေရှိတော့ သူတို့အတွက် လုံခြုံတဲ့အနေအထားမှာရှိနေမှပါ” ဟု ၎င်းကပြောသည်။

 

အမ်းမြို့နယ်၊ ဒါးလက်အုပ်စုမှ ကျေးရွာပေါင်း ၅၀ ခန့်အား တပ်မတော်သားများအနေဖြင့် လုံခြုံရေးအရ ရေလမ်းသွားလာခွင့်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကပိတ်ပင်ခဲ့ပြီး ကုန်လမ်းသွားလာခြင်းနှင့် ပစ္စည်း သယ်ယူခွင့်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

 

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ နှစ်ဖက်ကိုယ်စားလှယ်များ ဒီဇင်ဘာ ၂ ရက်က အွန်လိုင်းမှတစ်ဆင့်ဆွေးနွေးရာတွင် တိုက်ပွဲကာလအတွင်း ပိတ်ဆို့ထားသည့် ကုန်းလမ်း၊ ရေလမ်းများတွင် ဒေသခံပြည်သူလူထုများ စိုးရိမ်မှုကင်းမဲ့စွာဖြင့် ခရီးသွားလာနိုင်ရန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို လုံခြုံစွာ သယ်ယူနိုင်ရန်နည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း AA ၏ ထုတ်ပြန်ခဲ့ပြီး နောက်တစ်လအတွင်း တပ်မတော်က ရခိုင်တွင် ပိတ်ဆို့ထားသည့်ကုန်းလမ်းကို ဦးစွာဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...