ရွေးကောက်ပွဲအလွန် အကောင်အထည်ဖော်ရန်ကြိုးပမ်းလာသည့် ခရီးသွားလုပ်ငန်းစီမံကိန်းကြောင့် အစိုးရနှင့် KNPP အကြား သဘောထားတင်းမာမှုဖြစ်ပေါ်

ရွေးကောက်ပွဲအလွန် အကောင်အထည်ဖော်ရန်ကြိုးပမ်းလာသည့် ခရီးသွားလုပ်ငန်းစီမံကိန်းကြောင့် အစိုးရနှင့် KNPP အကြား သဘောထားတင်းမာမှုဖြစ်ပေါ်
by -
နော်ဒွေးအယ်ခူ (KT)

ရွေးကောက်ပွဲအလွန် အကောင်အထည်ဖော်ရန်ကြိုးပမ်းလာသည့် ခရီးသွားလုပ်ငန်းစီမံကိန်းကြောင့် အစိုးရနှင့် ကရင်နီလက်နက်ကိုင်အဖွဲ့အကြား သဘောထားတင်မာမှုများဖြစ်ပေါ်လာကြောင်း သိရသည်။

သံလွင်မြစ်တစ်လျှောက် ခရီးသွားလုပ်ငန်းဆောင်ရွက်ရန် အစိုးရအနေဖြင့် စီမံကိန်းရေးဆွဲရန်စီစဉ်လျက်ရှိပြီး ယင်းစီမံကိန်းသည် ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် အကောင်အထည်ဖော်ရန်လျာထားကာ ယင်းဒေသသည် KNPP ၏ ထိန်းချုပ်နယ်မြေဖြစ်ကြောင်းနှင့် တပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုရှိသော နယ်မြေဖြစ်သဖြင့် စီမံကိန်းအကောင်အထည်ဖော်မည်ဆိုပါက ထိတွေ့မှုများရှိလာနိုင်ကြောင်း ရှားတောမြို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမဲရယ်က သတိပေးပြောကြားခဲ့သည်။

“ဒီဖက်အစိုးရပြောတာကအညိုရာင်နယ်မြေ၊ ပြီးတော့ ကျွန်တော်တို့ဖက်ကလည်းကန့်သတ်နယ်မြေ။ ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့နယ်မြေအဲလိုပေါ့နော်။ နည်းနည်းတော့ပင်ပန်းမယ်ပေါ့။ အဓိကဘာပင်ပန်းမလဲဆို တော့ ဥပမာ – ကျနော်တို့လှုပ်ရှားမှုနဲ့ ဗမာတပ်လှုပ်ရှားမှုကအချင်းချင်းအပြန်အလှန်လှုပ်ရှားတော့ ပြဿနာတွေ အ များကြီးဖြစ်လာနိုင်တယ်ပေါ့။ပြီးတော့ ကျွန်တော်တို့နဲ့ ပြီးခဲ့တဲ့၅လပိုင်းတုန်းက ဖြစ်ခဲ့ပြီးပြီပေါ့။ ကျွန်တော်တို့ ဖက် တပ်ကမထိန်းဘူးဆိုရင် ပြသာနာတွေ ပိုဖြစ်လာမယ် ။ ကျွန်တော်တို့ ကြိုးစားပြီးအကောင်းဖက်မြင်ပြီးတော့ ရှောင်လိုက်တာပေါ့။ ဒီရှားတောဖက်မှာခဏခဏဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ သည်းခံတယ်။ ဒီခရီးသွား လုပ်ငန်းအနေနဲ့ပြောမယ်ဆိုလိုရှိရင် လုံခြုံစိတ်ချဖို့ဆိုတာ အခက်ခဲရှိမယ်လို့ ကျွန်တော်ထင်တယ်” ဟု ဦးမဲရယ်က ပြောသည်။

အဆိုပါ စီမံကိန်းရေးဆွဲခြင်းနှင့်ပတ်သက်၍ ပြီးခဲ့တဲ့လအတွင်းက ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နိုင်သည့်နေရာများဖြစ်သော ရှားတောမြို့နယ်ရှိ သံလွင်မြစ်နှင့် ရွာသစ်မြို့က နေရာများကို ကွင်းဆင်း၍ ဆာဗေးလုပ်ဆောင်ခဲ့သော်လည်း စီမံကိန်းလုပ်ဆောင်ရန်လျာထားခြင်းသာဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးမင်းဇော်ထွန်းက ပြောသည်။

“ဒေသခံခရီးသွားကော်မတီဝင်တွေ၊ ဒီက ခရီးသွား (DMO) အဖွဲ့တွေ၊ လုပ်ငန်းစဉ်အသင်းတွေ ပူးပေါင်းပြီးတော့ အကိုတို့ခရီးစဉ်တွေဖော်ထုတ်တယ်။ ဖော်ထုတ်ဖို့ခါကျတော့ ကယားပြည်နယ်မှာလွိုင်ကော်မှာတင်မဟုတ်ဘဲနဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘောလခဲ၊ ရွာသစ်၊ ရှားတော၊ မယ်စဲ့ ဒါတွေအားလုံးကို ခရီးစဉ်နေရာတိုင်းရှိရမယ်ဆိုပြီးအကိုတို့တွေက ဖော်ထုတ်တဲ့အတွက်ကြောင့် အခုဆိုရင် ရွာသစ်မှာရှိတဲ့ ရေတံခွန်ရယ်၊ နှစ်ပေါင်း ၁၅၀ကျော်လောက်ရှိတဲ့ ဘုန်းကြီးကျောင်းတွေရယ်။ နောက်ရှားတောကိုကွင်းဆင်း တယ်။  ရှားတောမှာလဲ ရေပူစမ်းနဲ့ သံလွင်မြစ်ပေါ့နော်။ ဒီမှာဖြစ်နိုင်ခြေရှိတာတွေကို သွားပြီးသုံးသပ်တာရှိပါတယ်” ဟု ဦးမင်းဇော်ထွန်းက ပြောသည်။

ပြည်တွင်းပြည်ပခရီးသွားများအတွက် ရှားတောမြို့နယ်တွင်ရှိသည့် ကယားလူမျိုးများ၏ ရိုးရာနေထိုင်မှု၊ သဘာဝရေပူစမ်းချောင်း၊ ဘုရားဖူး ခရီးစဉ်နှင့် သံလွင်မြစ်တစ်လျောက် စက်လှေအပန်းဖြေခရီးဖော်ဆောင်ရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။

ဒီလိုစီမံကိန်းမျိုးကို ပြီးခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သည့် အစိုးရလက်ထက်တုန်းက စီစဉ်ခဲ့ကတည်းက လုပ်ခွင့်မပြုခဲ့ကြောင်း KNPP အတွင်းရေးမှူး (၂) ခူးဒယ်နီယာယ်က ပြောဖြည့်စွက်ပြောကြားခဲ့သည်။

“အဲဒါကတော့ ခွင့်မပြုသေးပါဘူး။ ဒါကို ပြီးခဲ့တဲ့အရင်အစိုးရသက်တမ်းကတည်းက သူတို့ခွင့်တောင်းတယ်။ သူတို့တောင်းဆိုတယ်။ ဒါပေမယ့် ကျွန်တော်တို့ KNPP အနေနဲ့ကတော့ ခွင့်မပြုပေးဘူး။ ခွင့်ပြုအုံးမှာ မဟုတ်သေးဘူး” ဟု ၎င်းကပြောသည်။

ခွင့်ပြုချက်ရမရဆိုသည်မှာ ပြည်ထဲရေးဝန်ကြီးဌာန၏ ပေါ်လစီပေါ်သာမူတည်ပြီး ရှားတောမြို့နယ်အတွင်း ရွာသစ်မြို့နယ်ခွဲအတွင်း မည်မျှသွားလို့ရနိုင်သလဲဆိုသည့်အပေါ် ယင်းဝန်ကြီးဌာနကို မေးမြန်းအတည်ပြုလုပ် ဆောင်သွားဖြစ်ကြောင်းနှင့် စီမံကိန်းတွေဆောင်ရွက်မည်ဆိုပါကလည်း သက်ဆိုင်ရာ တိုင်းရင်းသားလက် နက် ကိုင်အဖွဲ့အစည်းများနှင့် ပြည်နယ်အစိုးရတို့အား ညှိနှိုင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နဲ့  ခရီးသွားညွန်ကြားမှုဦးစီးဌာနက ဦးစီးမှူး ဦးအောင်ကျော်သူက ပြောသည်။

“ဒီဒေသမှာ လက်နက်ကိုင်တွေ ရှိပါတယ်။ ပြီးရင်တော့ သူတို့တွေနဲ့ ညှိမှာပါ။ ညှိပြီးတော့မှ ပြည်နယ်အစိုးနဲ့သူတို့ အဖွဲ့အစည်းအားလုံးနဲ့ညှိပြီးတော့ လုပ်မာပါ” ဦးအောင်ကျော်သူက ပြောသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာကုန်အထိ ကယားပြည်နယ်သို့ ပြည်တွင်းခရီးသွားသူစုစုပေါင်း ၆၇၄၉၃ ဦးနှင့် ပြည်ပခရီးသွား ၁၁၄၅၉ဦးတို့ လာရောက်လည်ပတ်ခဲ့ပြီး ပြည်တွင်းခရီးသွားထံကနေရငွေက ကျပ်သန်း ၁၆၀၀ကျော်ရရှိကာ ပြည်ပမှ လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားတွေထံမှရငွေ ဒေါ်လာ ခုနစ်သောင်းကျော်အထိရရှိခဲ့ကြောင်း ဟိုတယ်နဲ့ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်ပြီး NCA တွင် လက်မှတ်ထိုးရေးအတွက် နှစ်ဖက်အဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်း မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...