ရှမ်းပြည်နယ်လွှတ်တော်သည် လူထုနှင့်ထိတွေ့မှုအားနည်းပြီး ပြည်နယ်ဥပဒေပြုရေးတွင်လည်း လူထု၏အသံများပါဝင်ရန် လိုအပ်သေးကြောင်း Taunggyi Youth Center အကြံပေး ခွန်ခတ်စံကပြောသည်။
“ပြည်နယ်ကိုအခြေခံတဲ့ ဥပဒေတစ်ခုကိုရေးဆွဲတဲ့နေရာမှာ သူတို့ပဲ ကြိတ်မှိတ်ရေးဆွဲကြတယ်။ လူထုဆီကအကြံအဉာဏ်တောင်းတဲ့ ပုံစံမျိုးတွေ လုံး၀မရှိဘူး။ မလုပ်ဘူး။ အဲ့ဒါတွေကိုကြည့်ခြင်းအားဖြင့် ရှမ်းပြည်နယ်လွှတ်တော်က အလုပ်သိပ်မဖြစ်ဘူးဆိုတဲ့အချက် ကျွန်တော်သွားတွေ့ရတယ်” ဟု ၎င်းကဆိုသည်။
ရှမ်းပြည်နယ်လွှတ်တော်သည်အစည်းဝေးများ အကြိမ်ကြိမ်ကျင်းပနေသော်လည်း မည်သည့်အရာများကို လုပ်ဆောင်၍ မည်သို့ဖြေရှင်း ဆောင်ရွက်နေသည်များကို ပြည်သူများသိရှိရမှု အားနည်းနေကြောင်း ကောင်ရွေးလူငယ်အဖွဲ့မှ ခွန်ထွန်းကြည်ပြောသည်။
“အဓိကကတော့ ပြည်သူတွေရဲ့ အခက်အခဲတွေ ပိုပြီးတော့မှ အာရုံစိုက်စေချင်တယ်။ တင်ပြမှုအပိုင်းတွေတော့ တွေ့နေရပေမဲ့ တကယ့်လက်တွေ့ဖြေရှင်း မယ့် အပိုင်းတွေက အားနည်းနေတဲ့ ပုံစံတွေရှိနေတယ်။ သူတို့ဖြေရှင် းတဲ့ပုံစံကိုလည်း ပိုပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ချပြစေချင်တယ်” ခွန်ထွန်းကြည်က ဆက်လက်ပြောသည်။
အဆိုပါ ပြည်နယ်လွှတ်တော်အနေဖြင့် လွှတ်တော်အတွင်းဆောင်ရွက်ချက်များကို လူထုထံချပြရန် ခက်ခဲပါက အနည်းဆုံး မြို့မိမြို့ဖများကို ချပြသင့်ကြောင်းနှင့်၎င်းတို့အသံများကို လွှတ်တော်အတွင်းပါဝင်ရန် လုပ်ဆောင်သင့်ကြောင်း Myanmar Institute of Peace and Security Studies မှ ဝင့်ထည်ကောင်းမြတ်က ဖြည့်စွက်ပြောကြားသည်။
“ရှမ်းပြည်နယ်လွှတ်တော်နဲ့ပတ်သက်ပြီးတော့ လူထုက သိပ်မသိဘူး။ ဥပဒေရေးဆွဲတဲ့အခါမှာလည်း လူထုက သိပ်မသိရဘူး။ ဘာတွေရေးဆွဲနေတာလဲ လူထုကို အသိပေး ဆွေးနွေးသင့်တာပေါ့။ အကြံပြုချက်တွေယူတာမျိုးတွေ လုပ်သင့်တယ်။ စာချုပ်စာတန်းတွေကိုလည်း ဘာမှမသိရဘူး။ အနည်းဆုံးတော့ မြို့မိမြို့ဖတွေကို ချပြသင့်တယ်” ဟု ၎င်းကပြောသည်။
ယခုနှစ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ မြို့နယ် ၄၉ မြို့နယ်၌ ကျင်းပခဲ့ပြီး ပြည်နယ်လွှတ်တော်နေရာ ၉၈ နေရာအတွက် ယှဉ်ပြိုင်ခဲ့ကြရာမှာ NLD က ၂၉ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး လေးနေရာတွင် အနိုင်ရရှိခဲ့ပြီး SNLD က ၂၆ နေရာနှင့် ပြည်ခိုင်ဖြိုးပါတီက ၂၅ နေရာ အသီးသီးအနိုင်ရရှိထားကြောင်း သိရသည်။