ရွေးကောက်ပွဲအလွန်ကာလ ရခိုင်တွင် တိုက်ပွဲများဆက်လက်မဖြစ်ပွားရေးက နှစ်ဖက်တပ်များ၏ စောင့်စည်းမှုအပေါ်သာမူတည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ရွေးကောက်ပွဲအလွန်ကာလ ရခိုင်တွင် တိုက်ပွဲများဆက်လက်မဖြစ်ပွားရေးက နှစ်ဖက်တပ်များ၏ စောင့်စည်းမှုအပေါ်သာမူတည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
by -
ထွန်းခိုင် (နိရဥ္စရာ)
Photo - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
Photo - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

တပ်မတော်နှင့်ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ တိုက်ပွဲများမဖြစ်ပွာသည်မှာ တစ်လကျော်ကြာပြီဖြစ်သော်လည်း တိုက်ပွဲများဆက်လက်မဖြစ်ပွားရေးက နှစ်ဖက်တပ်များ၏ စောင့်စည်းမှုအပေါ်သာ မူတည်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောသည်။

 

“အဲဒီ (ရွေးကောက်ပွဲ) နောက်ပိုင်းမှာ ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်မှုပေါ့နော်။ မရှိသလောက်ဖြစ်တယ်။ ခုချိန်ထိလည်း မရှိဘူး။ ဒါနဲ့ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနိုင်လား၊ ဆက်မဖြစ်ပွားနိုင်လားဆိုတာကတော့ နှစ်ဖက်စလုံးပေါ်မူတည်လိမ့်မယ်။ နှစ်ဖက်စလုံးရဲ့ ဆက်လက်စောင့်ထိန်း၊ စောင့်စည်းမှုအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ပြောလိုပါတယ်” နေပြည်တော်တွင် ဒီဇင်ဘာ ၃၀ ရက်ကပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့သည်။

 

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့သည် နိုဝင်ဘာ ၈ ရက် (ရွေးကောက်နေ့) မတိုင်မီ ရက်ပိုင်းအလိုမှစ၍ တိုက်ပွဲများဖြစ်ပွားမှုမရှိသဖြင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့်ဒေသများတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပရန် နှစ်ဖက်အဖွဲ့အစည်းက လိုလားလျက်ရှိကြောင်း သိရသည်။

 

“AAအနေနဲ့ ထုတ်ပြန်ချက် ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ အဲဒီအထဲမှာတော့ ဒီဇင်ဘာ ဒီနှစ်မကုန်ခင်မှာ ရွေးကောက်ပွဲလုပ်ပေးနိုင်ဖို့အတွက် သူတို့ဆန္ဒရှိတဲ့အကြောင်း၊ မေတ္တာရပ်ခံတဲ့အကြောင်း၊ တပ်မတော်အနေနဲ့လည်း ကျွန်တော်တို့ ကြိုဆိုတဲ့အကြောင်း ပြောခဲ့တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

သို့သော်လည်း ရခိုင်တွင် တပ်မတော်ဘက်က လှုပ်ရှားမှုတစ်ချို့ရှိနေသဖြင့် တိုက်ပွဲများ အချိန်မရွေးဖြစ်ပေါ်နိုင်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိပြီး အဆိုပါသတင်းများနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် လှုပ်ရှားမှုများ၊ အင်အားတို့ချဲ့ခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုခဲ့သည်။

 

“ ရခိုင်ပြည်နယ်မှာ စစ်အင်အား ဖြည့်တင်းနေတာတို့ဆိုတာနဲ့ ပတ်သက်လို့ ပြန်မေးချင်တာက ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့အနေနဲ့က ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်မဖြစ်ပွားစေဖို့အတွက် ကျွန်တော် ဆောင်ရွက်နေတာရှိတယ်။ စစ်အင်အားဖြည့်တင်းတာ မရှိဘူးလို့ဘဲ ကျွန်တော်ပြောချင်တယ်။ စစ်အင်အားဖြည့်တင်းတာရှိတယ်ဆိုတယ်ဆိုရင် ဘာအထောက်အထားပြောတာလဲလို့ ကျွန်တော်တို့က ထပ်ပြီး မေးချင်တယ်” ဟု ၎င်းကပြောသည်။

 

ထို့ပြင် တပ်မတော်အနေဖြင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များကို၊ ယခင်ရှိပြီးသားနေရာများကို ထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်ဟု ဆိုသည်။

 

“ကျွန်တော့်အနေနဲ့ ပြောပြီးသားဖြစ်ပါတယ်။ ဒီတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လည်း ယခင် မြစ်ကြီးနားမှာ KBC ဥက္ကဋ္ဌနဲ့တွေ့ဆုံစဉ် လက်ရှိ EAO တွေ တည်ရှိနေတဲ့ နေရာတွေ၊ ယခင်က တည်ရှိ နေရာတွကို တပ်မတော်အနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပြီးသားဖြစ်တယ်” ဟု ၎င်းကပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...